ကုရ်အာန်ဘာသာပြန်

ဘာသာပြန်သူ၏ အမှာစာနှင့် ရှင်းလင်းချက်

ဦးဌေးလွင်ဦး မြန်မာပြန်ဆိုသည်။

အမှာစာ

ဤဘာသာပြန်သည် အစ္စလာမ် သာသနာဝင်များ၏ အဓိက ပင်မ လက်ခံ ယုံကြည် ထားသော ကုရ်အာန်ကျမ်းစာအား တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာသာစကားတူ လူသားညီအစ်ကို မောင်နှမများအတွက် နားလည်ရ လွယ်ကူ စေရန် လုံ့လပြု အားထုတ်ထားခြင်းဖြစ်သည်။

ဘုရားရှင်

ကမ္ဘာ့ ဘာသာတရားတိုင်းက ဘုရားရှိသည်ဟု လက်ခံ ယုံကြည်ကြ၏။ သို့သော် ဘုရားဟူသည်နှင့် ပတ်သက်၍ ခံစားယုံကြည်မှု မတူညီကြပေ။ ဟိန္ဒူ၊ ရေဝတီ (ဂျူး)၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာများက ဘုရားဟူ သည်မှာ လောက ခပ်သိမ်းအားဖန်ဆင်းသော အရှင် ဖြစ်သည်ဟု ယုံကြည်ကြပြီး၊ ဗုဒ္ဓဘာသာကမူ ဖန်ဆင်းရှင်မရှိ- ဘုရားဟူသည် လူသားမှ ပွင့်ပေါ် ခြင်းဖြစ်သည်ဟု ယုံကြည်၏။

ဤသည် အများနားလည်ထားသော ယေဘုယျ သဘော ဖြစ်ပြီး၊ ထိုထက် ပို၍ လေ့လာလျှင်- ဟိန္ဒူဘာသာဝင်များက “ဖန်ဆင်းသော ဘုရားမှသည် လူ့လောကသို့ လူသားအဖြစ် ဝင်စားလျက် လူသားအပေါင်းအား တရားအလင်းရောင် သွန်သင်ပြသ ညွှန်ကြားတော်မူ၏ သို့ဖြစ်၍ ဖန်ဆင်းရှင် ဘုရားနှင့် လူသားအသွင် ပွင့်ပေါ်သော ဘုရားသည် အတူတူပင် ဖြစ်သည်” ဟု ခံစားယုံကြည်ကြ၏။ ဤယုံကြည်မှုမှာ ခရစ်ယာန် ဘာသာ၏ ခံစားယုံကြည်ချက်နှင့် တူညီသည်ဟု မှတ်ချက်ပြုနိုင်၏။

တဖန် ထိုသို့ ခံစားယုံကြည်ချက်သည် မဟာယန ဗုဒ္ဓ ဘာသာတို့၏ တြိကာယ ယုံကြည်ချက်နှင့် အသွင်တူနေသည်ကို တွေ့ရပြန်ပါသည်။ တြိကာယ ဟူမူ- ဓမ္မကာယ၊ နိမ္မာနကာယ၊ သံဘောဂကာယ ဟု ကာယ သုံးပါးဖြစ်၍ ဓမ္မကာယ သည် စကြာဝဠာ အပေါင်း၌ တည်ရှိနေသော မူလတရားကိုယ်၊ ထိုတရားကိုယ်မှ တရားဉာဏ်စဉ် အဖြစ် နိမ္မာနကာယဖြင့် လူသားမှ ပွင့်ပေါ်သော သံဘောဂကာယ သို့ ဝင်စားခြင်းဖြစ်၏။ ၎င်းမှာ ခရစ်ယာန်တို့၏ “ခမည်းတော်၊ သန့်ရှင်းသော ဝိဉာဉ်တော်၊ ခရစ်တော်” ဟူသည့် သဘောတရားမှာ အတူတူပင် ဖြစ်၏၊ သို့သော် မဟာယနများက ဓမ္မကာယအား ဖန်ဆင်းရှင်ဟု မသတ်မှတ်ဘဲ မူလပင်မ တရားကိုယ် ဟုသာ ယုံကြည်ကြပေသည်။

ဤအယူအဆနှင့် ဆင်တူသည့်- အမြဲတည်ရှိသော ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင်ထင်ရှား လူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလဓိဌာန် ဘုရားများပွင့်ပေါ်ရသည်ဟု- မြန်မာ ထေရဝါဒ ဆရာတော်များဖြစ်သည့် လယ်တီ ဆရာတော်နှင့် ဓမ္မစေတီ ဆရာတော်တို့၏ “သမ္မာစိတ္တ ဘာသာကျမ်း”၊ ဓမ္မစေတီ ဆရာတော်၏ “နိဗ္ဗာန် လမ်းပြ ဓမ္မကထိက ပဒေသာလက်သုံးကျမ်း”၊ ဘုရားဒကာ ဦးလူငယ်၏ “သဗ္ဗညုတ စိန္တာမဏိကျမ်း” နှင့် အခြားသော ဝိပဿနာ၌ ထုံသော ဆရာတော်များ၏ “ဗုဒ္ဓ”၏ အနက် ဖွင့်ဆိုချက် ကျမ်းပေါင်းများစွာတွင် တွေ့ရှိရ၏။

ရေဝတီ (ဂျူး) နှင့် အစ္စလာမ်ဘာသာများက ဘုရားရှင်သည် ကမ္ဘာလောက၌ လူသားအဖြစ် ဝင်စားခြင်းမရှိ၊ လူသားတို့အား တရားပြရန် ပွင့်ပေါ်သော လူပုဂ္ဂိုလ်များမှာ ဘုရားရှင်က စေစားသော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်များသာ ဖြစ်၏၊ ထို လူပုဂ္ဂိုလ် သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင် များအား ပရမတ်ဘုရားရှင်က သဗ္ဗညုတဉာဏ်စဉ် ကိန်းဝပ်ပေးခြင်းသာ ဖြစ်၍ သုံးပါးတစ်ဆူ တြိကာယ မဟုတ်၊ သူ့ကဏ္ဍနှင့် သူ သီးသန့်စီ ဖြစ်၏-ဟု အယူရှိ ကြသည်။

သို့သော် ရေဝတီ (ဂျူး)တို့က ဘုရားရှင်၏ ပုံသဏ္ဌာန်သည် လူသားကဲ့သို့ ဖြစ်သည်ဟု ယုံကြည်ကြ၍၊ အစ္စလာမ်ဘာသာကမူ ဘုရားရှင် ဟူသည် ပရမတ် ဖြစ်၍ အတုမရှိ၊ မနှိုင်းယှဉ်အပ်၊ ပုံမဖွဲ့နိုင်ဟု ယုံကြည်ကြသည်။

အာရာမစ်၊ အာရဗီနှင့် ဟီးဘရူးစာပေတွင် ဘုရားရှင် အတွက် သုံးသော သဒ္ဒါမှာ သီးသန့်အများကိန်းပုံစံ ဖြစ်၍ ပါဠိ၊ ဂရိ၊ လက်တင်၊ အင်္ဂလိပ်၊ မြန်မာပေများတွင် ထိုသို့သော သီးသန့်အများကိန်းပုံစံ မရှိပေ။ ရိုးရိုးအနည်းကိန်း၊ အများကိန်းပုံစံသာ ရှိနေသဖြင့် သမ္မာကျမ်းစာအား ဘာသာပြန်ဆိုသူများက ဟီးဘရူးစာပေ လာ ဘုရားရှင် ဟူသည့် ဝေါဟာရအား “အများကိန်းဖော်ပြမှု တြိကာယ သုံးပါးတစ်ဆူ ဖြစ်သည်” ဟုလည်း ထင်ယောင်ထင်မှားဖွင့်ဆိုသည်ကို တွေ့ရပေသည်။

သီးသန့်အများကိန်းပုံစံဆိုသည်မှာ အနည်းလည်းမဟုတ်၊ အများလည်းမဟုတ် ကိန်းဂဏန်းဖြင့် ရေတွက်နိုင်ခြင်းမရှိသော ပရမတ်စစ်စစ် ဖြစ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤကုရ်အာန် ဘာသာပြန်တွင် အစ္စလာမ်တို့ သက်ဝင်ယုံကြည်သော ဘုရားရှင်အား “ပရမတ်ဘုရားရှင်” ဟု ဘာသာပြန် တင်ပြအပ်ပါသည်။

ဉာဏ်စဉ်ရပုဂ္ဂိုလ်များ

ကမ္ဘာ့လောက၌ တရားပြရန် ပွင့်ပေါ်လာသည့် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ် များကို ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့က “ဘုရား” ဟုပင် ခေါ်တွင် သုံးစွဲသည်ကို တွေ့ရသည်။ အဆိုပါ လူဘုရားသည် မူလပင်မ ဇစ်မြစ် ဘုရားမှ လူသားအဖြစ် ဝင်စား၍ သတ္တဝါ အပေါင်းအား တရားပြသည်ဟု ယုံကြည်ကြသည်။

နည်းငယ် ရှင်းရသော်- ခရစ်ယာန်တို့က ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဟု အသုံးများသော်လည်း အဆိုပါ ယေရှုခရစ်တော်သည် ဘုရားပင် ဖြစ်သည်ဟု ယုံကြည်ထားကြပေသည်။ ဟိန္ဒူဘာသာ၏ အယူမှာ မူလဇစ်မြစ် ဘုရားမှ လောက အပေါင်းအား ကယ်တင် စောင့်ရှောက်ရန် လူသားအဖြစ် ဝင်စား၍ လောက၌ ပွင့်ပေါ်ခြင်းကြောင့် အဆိုပါ လူသားသည် မူလဇစ်မြစ် ဘုရားနှင့် အတူတူပင် ဖြစ်၏၊ ခွဲခြား၍ မရဟု ခံယူသည်။

မဟာယန ဗုဒ္ဓ ဝါဒ၌ မူလပင်မ တရားကိုယ် ဓမ္မကာယသည် နိမ္မာနကာယ အားဖြင့် လူသားထံ ကျိန်းဝပ်လျက် သံဘောဂ ကာယ ဘောဓိသတ္တ လူသားဘုရားအဖြစ် ပွင့်ပေါ်သည် ဟု ယုံကြည်သည်။ မြန်မာ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် ဆရာစဉ် အဟောအပြောများတွင် မူလပင်မ ဘုရားဟူသည် မှေးမှိန်နေလျက် လူသားမှ သမ္မာသမ္ဗုဒ္ဓ အဆင့်ထိ ကိန်းဆိုက်၍ ပွင့်ပေါ်ခြင်းဖြစ်သည်ဟု ခံယူကြ၏။

သို့သော် လယ်တီ ဆရာတော်၊ ဓမ္မစေတီ ဆရာတော်၊ အပါအဝင် ဝိပဿနာ၌ အားသန်သော ဆရာတော်များက ဗုဒ္ဓ ဟူသော အနက်ကို ရှင်းလင်းတင်ပြရာတွင် - ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင် ထင်ရှား လူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလ ဓိဌာန်ဘုရားများပွင့်ပေါ်ရသည် ဟု- သွန်သင် ထားသည်များရှိပေရာ- လူသား၌ ပွင့်ပေါ်သော ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့အား ဘုရားဟုပင် ခံစားယုံကြည် သည်ကို တွေ့ရသည်။

ရေဝတီ (ဂျူး)နှင့် အစ္စလာမ် ဘာသာများတွင် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှာ လူသားပင် ဖြစ်၍- မူလပင်မ ဘုရားရှင်နှင့် မသက်ဆိုင်- မူလပင်မ ဘုရားသည် လောကအပေါင်းအား တရားပြရန် လူသားထဲမှာ ရွေးချယ်၍ ဉာဏ်စဉ်ကိန်းဝပ် တရားပြပေးသည်ဟု ယုံကြည်ကြသည်။

ရေဝတီ (ဂျူး)များက ဘုရားသခင် ထံမှ ဗျာဒိတ်ပေးခံရသော သူတို့အား ဘုရားဟု ခေါ်သည် ဟု “ဓမ္မသစ် ရှင်ယောဟန် ၁၀း၃၄၊ ၃၅” တွင် တွေ့ရ သော်လည်း၊ ရေဝတီများက ဓမ္မသစ်အား လက်မခံ- ၎င်းတို့ လက်ခံယုံကြည်သော ဓမ္မဟောင်းကျမ်းများတွင် လူပုဂ္ဂိုလ် ဉာဏ်စဉ်ရသူများအား ဘုရားဟု ခေါ်သည်ကို မတွေ့ရ ပေ။ သို့သော် အချို့သော ပုဂ္ဂိုလ်များအား ဘုရားသခင်၏ သားတော်၊ သားဦးဟု ခေါ်သည်ကို တွေ့ရပေ၍။ ရေဝတီ ဘာသာဝင်များက ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအား တမန်တော် (ဘုရားသခင်၏ သံတမန်) အဖြစ် ခေါ်တွင် ယုံကြည်ကြပေသည်။

အစ္စလာမ်ဘာသာ၌မူ လူသားမှ ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအား သတင်းပေးသူ သတင်းတော်ဆောင်၊ ဉာဏ်စဉ်အသိအား ဖြန့်ချီသူ ဉာဏ်စဉ်တော်ဆောင် ဟု ခေါ်တွင်ပေ၏၊ (ရှေးဆရာစဉ်များက ရေဝတီ (ဂျူး)များ၏ ဘာသာပြန်ဆိုမှု အလို ကို လိုက်၍ တမန်တော်များဟု ခေါ်ဆိုသည်ကိုလည်း တွင်တွင် ကျယ်ကျယ်တွေ့ရ၏။ အဆိုပါ ပုဂ္ဂိုလ်များသည် မူလပင်မ ဘုရားက ဝင်စားခြင်းလည်းမဟုတ်၊ ဘုရားကပြားလည်းမဟုတ် အများသူငါကဲ့သို့ လူသားစင်စစ်သာ ဖြစ်ပြီး လူသားစင်စစ်ထဲမှ ဉာဏ်စဉ်အဆင့် အမြင့်ဆုံးကိန်းဆိုက်သူ ဟုသာ သတ်မှတ်၍ ပရမတ်ဘုရားရှင်နှင့် ခွဲခြားနားလည်ရန် သွန်သင်ထားသည်ကို တွေ့ရပေသည်။

ဓမ္မ

ဓမ္မဟူသည် လောကစကြာဝဠာ အနှံ့ ပြန့်နှံ့လွှမ်းခြုံ တည်ရှိသော လောက နိယာမ ဓမ္မနှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှ လူသားအပေါင်းအား ဟောပြော သွန်သင် လမ်းပြသည့် တရားဓမ္မဟူ၍ ရှိကြောင်း ဘာသာတရားတိုင်းက လက်ခံယုံကြည် ထားသည်ကို တွေ့ရသည်။

ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဟောပြောသွန်သင်မှုများ၊ ပညတ် ဥပဒေများအား မှတ်တမ်းတင်ထားသည် များအား ဘာသာရေးကျမ်းများဟု သတ်မှတ်ပြီး။ ဘဂဝဂီတ၊ ပိဋကတ်၊ တိုရာဟ် (ဓမ္မဟောင်း)၊ ဧဝံဂလိ ခရစ်ဝင် (ဓမ္မသစ်)နှင့် ကုရ်အာန်ကျမ်းများမှာ ထင်ရှားသည်။

ကုရ်အာန်ကျမ်းမှ အပ အခြားကျမ်းများတွင် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဉာဏ်စဉ်ကိန်းဝပ်မှု အသိဖြင့် ဟောပြောမှု နှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့၏ ဉာဏ်စဉ် ကိန်းဝပ်စဉ်ကာလ မဟုတ်သော အချိန် ပုဂ္ဂလိက လူသားဆင်ခြင်တုံ တရားဖြင့် ဟောပြောသွန်သင်မှုတို့အား ရောနှော၍ မှတ်တမ်းတင်ထားမှုများကို တွေ့ရပြီး- ကုရ်အာန်ကျမ်းသည်သာ ဉာဏ်စဉ် ကိန်းဝပ်မှုအား သီးသန့် မှတ်တမ်းဖြစ်၍- ဉာဏ်စဉ်ဆောင်၏ ပုဂ္ဂလိက ဆင်ခြင်တုံဖြင့် ဟောပြော သွန်သင်မှုများအား သီးခြားကျမ်းများဖြင့် ခွဲခြားမှတ်တမ်းတင်ထားသည်ကို တွေ့ရ၏၊ ထိုကျမ်းများအား ဟဒီးဆ် ခေါ် ဆင့်ပြန်ကျမ်းများဟု ထင်ရှားပေသည်။

သတိထားမိသည်မှာ- ကုရ်အာန်ကျမ်းတွင် အကြောင်းအရာ တစ်ခုကို တင်ပြတိုင်း ရှေ့ယခင်က ဖြစ်ပျက်ခဲ့သော သမိုင်းကြောင်းများနှင့် ရှေးမှ လူတို့၏ အကျင့်၊ စရိုက်များ သူတို့မှ ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင်များအား အာခံမှု၊ နာခံမှု၊ စသည်တို့ကို ဥပမာပေးတင်ပြလေ့ရှိသည်ပင်။

မေတ္တာရပ်ခံချက်

ဘာသာပြန်မူအား စာချောသည်ထက် ချောရင် ကြိုးစားလိုသော်လည်း- မူရင်းမှ တိုက်ရိုက်ပြန်ဆိုရ၍- အနည်းငယ် စာထောက်သည်များရှိပါသည်။ ထို့ပြင် စာဖတ်ရ ပေါ့ပါးစေရန် ရည်ရွယ်သော်လည်း- ကျမ်းဖြစ်နေသည့် အတွက် စာလေးသည်များလည်းရှိနေပါသည်။

သို့သော်လည်း ဗဟုသုတနှင့် အတွေးအခေါ် ကို လိုလားသူများအတွက်- စာထောက်ခြင်း၊ စာလေးခြင်းများသည် မပြောတန်ရာ ပေ။ ဤဘာသာပြန်ကြောင့် မည်သည့် ဘာသာတရားအချင်းချင်းကြား ပြဿနာဖြစ်ရန် လုံးဝ မရည်ရွယ်ပါ။ လူသားချင်းသင့်မြတ်မှု၊ ငြိမ်းချမ်းစွာ အတူနေထိုင်မှုကိုသာ အထူးရည်သန်ပါသည်။

ဖတ်နေသည်…