The Holy Islam ​

အစ္စလာမ် သာသနာတော် ​

(၁) သော့ سُوْرَةُ الْفَاتِـحَة

ဓမ္မခန္ဓာ ( ၁ ) “သော့”

၁။

بِسۡمِ اللّٰہِ الرَّحۡمٰنِ الرَّحِیۡمِ ﴿۱﴾

ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်။-

() “ကရုဏာ” الرَّحۡمٰنِ အရ်ရဟ်မားန်နှင့် “အကြင်နာ” الرَّحِیۡمِ အရ်ရဟီးမ် ဆိုသော စကားလုံးများမှာ သနားကြင်နာမှု အဓိပ္ပါယ်ကို ဆောင်သည့် ရင်းမြစ် ဝေါဟာရ ر ح م ရဟမ တစ်လုံးတည်းမှ ဆင့်ပွားလာခြင်း ဖြစ်၍ ကျမ်းတော်တွင် မူရင်း ဆင့်ပွား စကားလုံး စုစုပေါင်း ၃၃၉ ကြိမ် ဖေါ်ပြသည်။ الرَّحۡمٰنِ အရ်ရဟ်မားန် သည် “စကြဝဠာ ခပ်သိမ်းကုန်နှင့် သဗ္ဗလုံးစုံအား ဆင့်ကဲ ပြည့်စုံ ဖြစ်တည်လာစေရန် ပြဌာန်းပေးသော ကရုဏာတော်” ဖြစ်၍ الرَّحِیۡمِ အရ်ရဟီးမ် မှာ “ထိုဖြစ်တည်လာသော အရာ အားလုံးအတွက် ခံစား၊ စံစားရစေရန် ဘုံအဆင့်ဆင့်ကို ဆက်လက် ပြဌာန်း ဖြစ်တည်ပေးသည့် ကြင်နာမှု” ကို ဆိုလိုပေသည်။

() اَللّٰہ အလ္လာဟ် ဟူသည့် ဂုဏ်တော်သည် ကျမ်းတော်တွင် ၂၆၉၉ ကြိမ်နှင့် اَللّٰہُمَّ ဟူသည့် ဆုတောင်း စကားလုံးအနေဖြင့် ၅ ကြိမ် စုစုပေါင်း ၂၇၀၄ ကြိမ် ပါဝင်သည်။ အလ္လာဟ်အား မူရင်း အဓိပ္ပါယ်မှ တိမ်းပါးသွားမည်ကို စိုးရိမ်မကင်း ဖြစ်သောကြောင့် ဆရာတော်ကြီး အများစုက ဘာသာပြန်ခြင်းမှ ရှောင်ကြဉ်ကြလျက် မူရင်း အသံထွက်အတိုင်း “အလ္လာဟ်” ဟုသာ မွေးစား ဝေါဟာရ အဖြစ် သုံးစွဲကြပေသည်။ ကျွန်ုပ် အနေဖြင့်လည်း မူရင်း အနှစ်သာရ ပျောက်ပျက် သွားမည်ကို မလိုလားပါ။

သို့သော် ဤနေရာ၌ ရှင်းပြန်ရန် လိုပေလိမ့်မည်။ မရှင်းပြပြန်က အစ္စလာမ်တို့ ယုံကြည် လက်ခံသော အလ္လာဟ် ဆိုသည်ကို ခရစ်ယာန်များ ပြောဆိုသော ထာဝရဘုရားနှင့် အတူတူပင် ဖြစ်သည်ဟု လည်းကောင်း၊ ကောင်းကင်ဘုံရှိ ရာဇပလ္လင်ပေါ်တွင် စိုးစံနေလျက် လူ့ပြည် လူ့ရွာအား မိန့်ခြွေ လမ်းညွှန်နေသည့် မြန်မာတို့ နားလည်ထားသော နတ်ဘုရားကြီး ပုံစံမျိုးဟု လည်းကောင်း၊ အရာရာကို “ဥုံ-ဖွ” ဖြစ်စေဟု ပဉ္စလက် ဆရာကြီးကဲ့သို့ ဖန်ဆင်းလေ့ ရှိသော ဣဿရ ဖန်ဆင်းရှင် အဖြစ်လည်းကောင်း၊ နားလည် ထားကြသူများမှာ ထိုသို့ လွဲမှားသော အထင်အမြင်ထဲမှ ကျွတ်လွတ်နိုင်ရန် အခွင့်အရေး နည်းပါးလှပေသည်။

အစ္စလာမ်သာသနာက လက်ခံ ယုံကြည်သော အလ္လာဟ် ဆိုသည်မှာ “ပညတ် ဖြစ်တည်မှု ခန္တာကိုယ်” ပညတ္တိကာယ မဟုတ်ပေ။ ပရမတ္ထကာယ “ပရမတ်အဖြစ်” ရှိနေပြီး မံဿစက္ခု (သာမန်မျက်စိ) ဖြင့် သိမြင် ခံစားနိုင်မှုမှ ကင်းလွတ်ပေသည်။ ထိုသို့ ပရမတ်အဖြစ် တည်ရှိသော ပရမတ်ဘုရားရှင် အလ္လာဟ်သည် သဗ္ဗညုတ ဉာဏ်စဉ်တော်၏ မူလအစ ဇစ်မြစ်တော် ဖြစ်ပေသည်။ မဟာယန ဗုဒ္ဓဘာသာဝင်များ လက်ခံသော ဓမ္မကာယ “မူလဇစ်မြစ် တရားကိုယ်” ဆိုသည်နှင့် နီးစပ်မှု ရှိသော်လည်း မဟာယနတို့၏ အယူအရ ဓမ္မကာယသည် လောက လူသားတို့အား ကယ်တင်ရန် အလို့ငှာ သံဘောဂကာယ (ဗောဓိသတ္တ) “လူသားဘုရား” အဖြစ် ခံယူကာ လောကသို့ ကြွလာသည်ဟု ဆိုထားသဖြင့် လူသားဘုရား အဖြစ် လောက၌ ဝင်စားခြင်း မရှိသော အလ္လာဟ်အား ဓမ္မကာယဟု ဘာသာ ပြန်ဆိုလျှင် အဓိပ္ပါယ် နီးကပ်မှု အားနည်းနိုင်မည် ဖြစ်သည်။ (၁၁၂း၄ တွင် ကြည့်ပါ၊)

အလ္လာဟ် ဟူသည်မှာ- သော ဘဂ္ဂဝါ သယမ္ဘူတိ – အကြင် မြတ်စွာဘုရားသည် အလိုလို ဖြစ်တော်မူ၏- ဟူသော ဂုဏ်တော်နှင့် သဘော သဘာဝ အလျောက် အလိုလို ဖြစ်တည်နေတော်မူ၍- ပညတ္တိကာယ မဟုတ်သော “ပရမတ်ဘုရားရှင်” ဖြစ်သည်ဟု ထေရဝါဒ ဗုဒ္ဓဘာသာ၌ ရင်းနှီး ကျွမ်းဝင်ပြီးသား မြန်မာများအတွက် အောက်ပါ ကျမ်းညွှန်းများအရ အနီးစပ်ဆုံး နားလည်ခံစားနိုင်ပေမည်။

နိုင်ငံကျော် ဓမ္မစေတီ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တ ဘာသာကျမ်း၊ သံဃာစစ်တမ်း အလင်းကျမ်း၊ သံဃာ ဟုတ်မဟုတ် မေးခွန်းထုတ်ကျမ်း၊ (ဂန္ဓမာ ပုံနှိပ်တိုက်မှ ထုတ်ဝေသည်)တွင် “လူကဖြစ်သော ဥပဇာဗုရား၊ ပုဂ္ဂလဓိဌာန် ဗုရားတို့ကို ပါယ်၍ ဗုဒ္ဓါန ဗုရားအစစ် ဓမ္မဓိဌာန် သဗ္ဗညုတဉာဏ် နိယတ အမြဲဗုရားကို ပြဦးအံ့။ လောကေ- လောက၌၊ ဧကောရေဝ- တဆူသာလျှင်၊ ဥပ္ပဇန္တိ ဖြစ်ကုန်၏။ ကိံကရဏံ- အဘယ်ကဲ့သို့နည်း ဟူမူကား၊ မဟန္တံ- ကြီးမြတ်သော၊ သဗ္ဗညုတဉာဏံ- သဗ္ဗညုတဉာဏ်ကို အစိုးရသော၊ ဓမ္မဓိဌာန် နိယတ- အမြဲဗုရားသည်၊ ဂုဏာနံ- ဂုဏ်ပေါင်းတကာတို့၏ တည်ရာဖြစ်သော၊ ဧကန္တ- ထိုသဗ္ဗညုတအရှင်၊ နိယတသခင်- တဆူတည်း အမြဲ ဗုရားသည်သာလျှင်၊ ဟောတိ- ဖြစ်၏၊ ဣတိ- ဤသို့၊ ဂဏှိတဗ္ဗံ- ယူမှတ်အပ်၏။” ဟူ၍ လည်းကောင်း။-

သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသားသော သဗ္ဗညုတ စိန္တာမဏိကျမ်း၊ စာမျက်နှာ (၂) တွင် “သဗ္ဗညုတ ဘုရားသခင်သည် အမိ မရှိ၊ အဘ မရှိ၊ ကိုယ်ထက်မြတ်သော သူမရှိ၊ ပါရမီ ဆယ်ပါးကို မဖြည့်၊ ဒါန သီလ ဘာဝနာတို့ကို မပြုလုပ်ဘဲ၊ အလိုလို ဖြစ်တော်မူကြောင်း၊ သက်သေကား-သယံ- အလိုလို၊ ဘူတံ- ထင်ရှား၊ ဇာရတိ- ဖြစ်တော်မူ၏၊ သယံအဘိညာယ ကာရေဿရန္တိ ဆရာမိဘ ကင်း၍ ဖြစ်သော ပါဠိသက်သေ၊ သဗ္ဗညုတ ဘုရား တဆူတည်း ဖြစ်ကြောင်း၊ သက်သေခံ ပါဠိကား သာရတ္တ သင်္ဂဟကျမ်း၌- ဗုဒ္ဓါနုပန၊ ဧကောရေဝ ဥပ္ပဇ္ဇန္တိ၊ ကိံကရဏံ၊ မဟံန္တံတာရ၊ သဗ္ဗညုတ ဉာဏ ဂုဏာနံ၊ မဟန္တံဟောတိ၊ ဧကံတံရေဝ၊ ဂဏှိတဗ္ဗံ။ ဗုဒ္ဓါနုပန- ဘုရားမည်သည်ကား၊ လောကေ- လောက၌၊ ဧကောရေဝ- တဆူတည်းသာလျှင်၊ ဥပ္ပဇ္ဇန္တိ- ဖြစ်ကုန်၏၊ ကိံကရဏံ- အဘယ်ကဲ့သို့နည်း ဟူမူကား၊ မဟန္တံ- ကြီးမြတ်သော၊ သဗ္ဗညုတဉာဏံ- သဗ္ဗညုတဉာဏ်တော်သည်၊ ဂုဏာနံ- ဂုဏ်တို့၏ တည်ရာဖြစ်သော၊ ဧကံတံ- ထိုသဗ္ဗညုတဉာဏ် တဆူတည်းသာလျှင်၊ ဟောတိ- ဖြစ်၏၊ ဣတိ- ဤသို့၊ ဂဏှိတဗ္ဗံ- ယူအပ်၏။” ဟူ၍ လည်းကောင်း ဖေါ်ပြထားပေသည်။

ထိုထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များ ရှင်းထားသည့် သဗ္ဗညုတ ဘုရားရှင် ဆိုသည်မှာ ပရမတ်ဘုရား ဖြစ်၍ လူသား ပညတ်ဘုရား၊ ဥပဇာ ဘုရားများနှင့် မသက်ဆိုင်ပေ။ ထိုပရမတ်ဘုရားရှင်က လူသားအဖြစ် ဝင်စား၍ လောကသို့ ကြွလာတော်မူသည် ဟုလည်း မဟာယန ဗုဒ္ဓဘာသာကဲ့သို့ ခံယူမှု ထားသည်ကို မတွေ့ရပေ။ လောက လူသားမှ ပွင့်ပေါ်သော ဘုရားများမှာ ထိုပရမတ်ဘုရားရှင်မှ ချီးမြှင့်သော ဉာဏ်စဉ်တော် ကိန်းဝပ်ခြင်းကို ခံရသည့် လူသားစင်စစ်များ (ဘုရားကပြားများ မဟုတ်) ဖြစ်ကြောင်းကို သဗ္ဗညုတ စိန္တာမဏိကျမ်း စာမျက်နှာ (၁၅) တွင် “ရှင်ဂေါဓမဘုရား သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသကဲ့သို့ အခြား စကြဝဠာများမှာလည်း ရှင်ဂေါဓမ အရှင်မြတ်ကဲ့သို့ သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသော ဘုရားပေါင်းကား အနန္တပင် ရှိချေမည်၊” ဟု လည်းကောင်း၊ စာမျက်နှာ (၁၇)တွင် “မနိမဉ္ဇူ ဋီကာကျမ်း၌—သဗ္ဗညုတ ဉာဏဿ၊ သဗ္ဗညုတ ဉာဏ်တော်ကို ပတိလာဘ- ရခြင်းကြောင့်၊ တဿ- ထိုခန္တာငါးပါး အစဉ်ကို၊ ဗုဒ္ဓေါတိ- ဘုရားဟူ၍၊ ပညတ္တတ္ထာ- ပညတ်သည်၏ အကြောင်းကြောင့်တည်း၊” ဟု ဆိုထားပေသည်။

အစ္စလာမ် သာသနာတွင်မူ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိသော ပုဂ္ဂိုလ်မြတ်တို့အား ပညတ်ဘုရား ဟူ၍ မခေါ်ဆိုပေ။ ဉာဏ်စဉ်ဆောင် (ရစူလ်)၊ သတင်းတော်ဆောင် (နဗီ) များဟု ခေါ်ပေသည် (၂း၆၁)။ သို့သော် အစ္စလာမ် သာသနာက လက်ခံသော အလ္လာဟ် ဆိုသည်မှာ ထိုဆရာတော်ကြီးများ ရှင်းပြသော ပရမတ်ဘုရားရှင်နှင့် အနှစ်သာရခြင်း နီးကပ် နားလည်နိုင်ပေသည်။ (၂း၂၁ တွင် ကြည့်ပါ)

၂။

اَلۡحَمۡدُ لِلّٰہِ رَبِّ الۡعٰلَمِیۡنَ ﴿۲﴾

ရည်သန် စူးစိုက်မှုတည်ရာ ပရမတ်ဘုရားရှင်သည် ကပ်ကမ္ဘာအပေါင်း၏ ကံကြမ္မာရှင် ။-

() အလ်ဟမ်ဒု الْحَمْدُ ကို ဆရာတော်ကြီး အများစုက ချီးမွမ်း ထောမနာပြုခြင်း ခံထိုက်မှုဟု ဘာသာပြန်ဆို ကြပေသည်။ ထိုသို့ ပြန်ဆိုခြင်းမှာ ဘုရားသခင်၏ နာမတော်များကို ဓမ္မတေးသွား အဖြစ် စပ်ဆိုပြီး ချီးမွမ်း ထောမနာပြု ဝတ်ပြု ဆုတောင်းလေ့ရှိသော ခရစ်ယာန်တို့၏ ဓလေ့ထုံးထမ်းကို အခြေခံ၍ ပြန်ဆိုခြင်း ဖြစ်ပေသည်။ အလ်ဟမ်ဒု الْحَمْدُ ၏ ရင်းမြစ် စကားလုံးမှာ ح م د ဟမဒ ဖြစ်၍ ကျမ်းတော်တွင် သဒ္ဒါပုံစံ ၅ မျိုးဖြင့် ၆၃ ကြိမ် ဖေါ်ပြထားသည်။ အနက်မှာ Praise, Eulogy သို့မဟုတ် Aim, Upmost exertion ဟူ၍ ဖြစ်သည်။ (ကော်ဆမို- အင်္ဂလိပ် အရ်ဗီ အဘိဓာန်)။

အစ္စလာမ် သာသနာဝင်တို့သည် အလ္လာဟ်ရှင်၏ ဂုဏ်တော်များအား ချီမွမ်း ထောမနာ ပြုနေယုံမျှဖြင့် ရောင့်ရဲနေကြခြင်း မရှိပေ။ အလ္လာဟ်ရှင်အား ဝိဉာဏ စက္ခုဖြင့် ဖူးမျှော်နိုင်ရန် အတွက် ရည်သန် စူးစိုက်မှု၌ ပျော်ပိုက်ကြပေသည်။ အခြေခံအားဖြင့် ဆွလာသ် ဟု ခေါ်သည့် စိတ်လေ့ကျင့်ခြင်းကို နေ့စဉ်နှင့်အမျှ ငါးကြိမ်ကျ ဆောင်ရွက်နေရပေသည်။ ဤစိတ် လေ့ကျင့်မှုကို ဘုရားရှိခိုးသည်ဟု အလွယ်တကူ ပြောဆို သုံးနှုံးကြသော်လည်း၊ ဘုရားရှင်အား ကြောက်ရွံ့သောကြောင့် ဒူးထောက် ဦးချ ကန်တော့နေရခြင်း မဟုတ်ပေ။ (၂း၃ တွင် ကြည့်ပါ)။

() အလ်အာလမီးန် الۡعٰلَمِیۡنَ ၏ အနက် အဓိပ္ပါယ်မှာ “ကမ္ဘာများ၊ စကြဝဠာများ၊ လောကခပ်သိမ်း၊” ဟု ဖြစ်၍ ကျမ်းတော်တွင် ၇၃ ကြိမ် ဖေါ်ပြသည်။ ၎င်း၏ ရင်းမြစ် စကားလုံး အလမ ع ل م “ဝိဉာဏ” မှ ဆင့်ပွားလာခြင်း ဖြစ်၍ ကျမ်းတော်တွင် ၈၅၄ ကြိမ် ဖေါ်ပြပါသည်။ အစ္စလာမ်သာသနာက လူ့လောက စကြဝဠာ မဖြစ်မီကပင် မူလဇစ်မြစ် ဉာဏ်စဉ်တော် အလ္လာဟ်အရှင်က ပြဌာန်းထားသော ပရမတ္ထဓမ္မသည် အလျင်အဦး တည်ရှိနေပြီး စကြဝဠာ အသင်္ချေ၊ အသင်္ချာသည် စံနစ်ကျသော အသိတရား (ဝိဉာဏ) ကွန်ယက်၌ သတ်မှတ်ချက် အတိုင်း စည်းချိန်ကျစွာ မှီတည် လည်ပတ်နေသည်ဟု ယုံကြည် လက်ခံပေသည်။

() သဒ္ဒါပုံစံ ၅ မျိုး ကျမ်းတော်တွင် အကြိမ်ပေါင်း ၉၈၀ ဖေါ်ပြသော ရဗ် رَبّ ၏ အဓိပ္ပါယ်မှာ “စည်းစနစ်တကျ ဆင့်ကဲ ပြည့်စုံ ဖြစ်တည်စေသော အရှင်” ဟု ဖြစ်၍ အလ္လာဟ်အရှင်၏ ဂုဏ်တော် တစ်ပါး ဖြစ်သည်။ ကျမ်းတော်တွင် ရဗ် ကို သူ၏၊ သူမ၏၊ သူတို့၏၊ သင်၏၊ ကျွန်ုပ်၏၊ စသည်ဖြင့် ပိုင်ဆိုင်မှုပြ စကားလုံးဖြင့် တွဲဆက်၍ သုံးပေသည်။ သို့ဖြစ်၍- ရဗ် ဆိုသည်မှာ- “ပြုလုပ်သူ၏ ပြုလုပ်ခြင်း ကံအား ပြန်သင့်နေစေရန် ပြဌာန်းပေးထားသော အရှင်” ဟု ဖြစ်ပေသည်။

အလ္လာဟ်အရှင်သည် အစ္စလာမ် ဟုတ်သူရော၊ မဟုတ်သူရော လူသားအားလုံး၏ ကံကြမ္မာရှင် ဖြစ်ပေသည်။ ဤဘာသာပြန်၌ နားလည်ပြီးသား နေရာများတွင် ရှေ့မှ ကျွန်ုပ်တို့၏၊ သင်တို့၏၊ သူတို့၏ ဆိုသော ပိုင်ဆိုင်မှုပြ စကားလုံးများကို ထည့်မသုံးတော့ဘဲ “ကံကြမ္မာရှင်” ဟု မြန်မာစကား ပြေပြစ်စေရန် ချန်လှပ်ခဲ့သည်များ ရှိပါသည်။ သို့သော် ထိုနေရာများ၌ နားလည်ပြီးသား ဖြစ်၍ အဓိပ္ပါယ် လုံးဝ တိမ်းပါးသွားခြင်း မရှိပါ။ ကျမ်းတော်ပါ စကားလုံးများကို ထိန်ချန်ခြင်း လည်း မဟုတ်ပါ။ အာရဗ်စကားနှင့် မြန်မာစကားတို့၏ ပြောနည်းပြောဟန် မတူညီခြင်းသာ ဖြစ်ပေသည်။ အစ္စလာမ်သာသနာက ကံ ဆိုသည်မှာ မိမိ လုပ်ကိုင် ဆောင်ရွက်မှု၏ အကျိုးဆက်ဟု လက်ခံသော်လည်း ထိုအကြောင်းကို လုပ်လျှင် ထိုအကျိုးကို ခံစားရမည်ဟူသည့် ပင်မ ပြဌာန်းချက် ရှိနေသည်ဟု ယုံကြည်၍ ထို ပင်မ ဇစ်မြစ် ပြဌာန်းချက်တို့၏ အရှင်မှာ အလ္လာဟ်အရှင်သာ ဖြစ်သည်ဟု အစ္စလမ်သာသနာက လက်ခံပေသည်။

ပိဋကတ်တော်တွင် “ကံကြောင့် သတ္တဝါ၏ ပဋိသန္ဓေသည် ဖြစ်၏၊” “သတ္တဝါတို့သည် ကံသာလျှင် အမွေခံရှိကုန်၏၊” (ကထာဝတ္ထု ၇၄၂) ဟု ဆိုထားပြီး ထို သတ္တဝါတို့ ပဋိသန္ဓေတည် လည်ပတ်ရသော သံသရာ၏အစ (ကံ၏ ဇစ်မြစ်)ကိုမူ “သတ္တဝါတို့ ဖြစ်စဉ်တည်းဟူသည့် သံသရာကြီး သည်ကား မသိအပ် မသိနိုင်သော အစရှိ၏၊” ဟု ဆိုထားပေသည်။ (နိဒါနဝဂ္ဂ သံယုတ် ဝေပုလ္လသုတ်)။ ကုရ်အာန်ကမူ ကံ၏ ဇစ်မြစ်ရှင်သည် လူသားတို့၏ သာမန် အသိဉာဏ်ဖြင့် မငုံမိနိုင်ဟု ဆိုပေသည်။ (၂း၂၅၅)

၃။

الرَّحۡمٰنِ الرَّحِیۡمِ ﴿۳﴾

ကရုဏာရှင်၊ အကြင်နာရှင်။-

၄။

مٰلِکِ یَوۡمِ الدِّیۡنِ ﴿۴﴾

စီရင်မိန့်ချသည့်နေ့၏ အရှင်သခင် ဖြစ်တော်မူ၏။

() ယောမ္မိဒ် ဒီးန် يَوْمِ الدِّينِ ကို ကျမ်းတော်တွင် ၁၃ ကြိမ် ဖေါ်ပြသည်။ ဆရာတော်ကြီး အများစုက နောက်ဆုံးနေ့တော်ကြီးဟု ဘာသာပြန်ဆို ကြပေသည်။ ဤသို့ ပြန်ဆိုခြင်းသည် လုံးဝ မှားယွင်းမှု မရှိသော်လည်း မြန်မာတို့ နားလည်ထားသော ဘာသာရေး ဝေါဟာရအရ ပြည့်စုံ လုံလောက်မှုမှာ အားနည်းနေပေသည်။ နောက်ဆုံးနေ့တော်ကြီးဟု ဘာသာပြန်ဆိုသောကြောင့် လောက လူ့သက်တမ်း ကုန်ဆုံး၍ အနိစ္စ ရောက်ရသောနေ့ ဟု နားလည်မှု လွဲချော် နိုင်ပါသည်။ يَوْمِ الدِّينِ မှာ ယောမ္မိ يَوْمِ “ရက်၊ ကာလ” နှင့် အဒ်ဒီးန် الدِّينِ “သာသနာ၊ ဥပဒေ၊ ချမှတ်ထားသော စည်းကမ်း၊ ကျင့်ဆောင်မှု တစ်ခု၏ တန်ပြန်ခံရခြင်း၊” ဆိုသည့် ဝေါဟာရ နှစ်ခုကို ပေါင်းထားသော စကားလုံး ဖြစ်၍ မိမိကျင့်ကြံသော လမ်းစဉ်၌ အန္တိမ ပန်းတိုင်ကို နှလုံး အကြည်ဓါတ်တွင်း ဆိုက်ရောက်သော ကာလကို ခေါ်ပေသည်။ ထို့ကြောင့် လူ့သားတစ်ဦး၏ သက်တမ်း အတွင်းတွင်လည်း ဖြစ်နိုင်၍ ခန္တာကိုယ် စွန့်လွှတ်ပြီးနောက်လည်း ဖြစ်နိုင်ပေသည်။

အစ္စလာမ်သာသနာဝင် အများစုက ဝိဉာည်တိုင်းသည် မိမိ၏ ကောင်းမှု ဆိုးမှုအလျောက် စီရင်ချက်ချ ခံရမည်ဟု ယုံကြည်ပေသည်။ ဤ ကြားကာလများတွင် စီရင်ချက်ချ မခံရလျှင်သော်လည်း နောက်ဆုံး “ကပ်ကမ္ဘာများ ချုပ်ငြိမ်းသောနေ့၌ ဝိဉာဉ်တိုင်းသည် မိမိတို့ ပြုကျင့်ခဲ့သည့် ကုသိုလ်၊ အကုသိုလ် အလျှောက် စံစား၊ ခံစားရခြင်းကို သတ်မှတ်ခံရမည်” ဟု နည်းလည် လက်ခံထားပေသည်။

() မာလိကိ مٰلِکِ ၏ အဓိပ္ပါယ်မှာ “အရှင်သခင်၊ ဘုရင်” ဟု ဖြစ်၍ ၎င်း၏ ဆင့်ပွားအနက်မှာ “နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အာဏာ၊ အချုပ်အခြာ” ဖြစ်ပေသည်။ ကျမ်းတော်တွင် သဒ္ဒါပုံစံ ၁၀ မျိုးဖြင့် ၂၀၆ ကြိမ် ဖေါ်ပြထားပေသည်။

၅။

اِیَّاکَ نَعۡبُدُ وَ اِیَّاکَ نَسۡتَعِیۡنُ ﴿۵﴾

အရှင့်ကိုသာ ကိုးကွယ်ပါ၏၊ အရှင်၏ ပံ့ပိုးမှုကိုသာ မျှော်ကိုးပါ၏။

() နအ်ဗုဒု نَعْبُدُ “ကျွန်ုပ်တို့ကိုးကွယ်ပါ၏၊” ဟူသော စကားလုံးသည် ع ب د အဗဒ ဝတ်ပြုသည်၊ အမှုတော် ထမ်းဆောင်သည်၊ ကိုးကွယ်သည်၊ ဟူသော ရင်းမြစ် စကားလုံးမှ ဆင့်ပွားလာခြင်း ဖြစ်သည်။ အဗဒ ၏ မူရင်း အဓိပ္ပါယ်မှာ “မိမိဆောင်ရွက်ရမည့် ဝန်တာအား ပုံမှန် ဖြည့်ဆည်း ဆောင်ရွက်မှု” ကို ရည်ညွှန်းပေသည်။ ထို့အပြင် အစ္စလာမ်သာသနာ၏ ကိုးကွယ် ယုံကြည်မှု သဘောတရားတွင် လက်တွေ့ လုပ်ဆောင်မှု သဘော ပါဝင်ပေသည်။ အလ္လာဟ်အရှင်အား လူသားက ကိုးကွယ်သည် ဖြစ်စေ၊ မကိုးကွယ်သည် ဖြစ်စေ၊ အလ္လာဟ်ရှင်၌ ထိခိုက် နစ်နာမှု မရှိချေ။ လူသား အနေဖြင့်လည်း ကိုးကွယ်ပါသည် ဟု နှုတ်မှ ဆိုယုံမျှဖြင့် အကျိုးထူးလာမည် မဟုတ်ပေ။ အလုပ် မပါသော အပြောကို အစ္စလာမ်သာသနာက အသိအမှတ် မပြုပေ။ ထို့ကြောင့် “အရှင့်ကိုသာ ကိုးကွယ်ပါ၏၊” ဆိုသည်မှာ အရှင်၏ ပညတ် ပြဌာန်းထားသော လောက နိယာမနှင့်အညီ ဤလောက၌ ကျွန်ုပ်တို့သည် ကျင်လည် ကျက်စားပါမည်ဟု မိမိကိုယ် မိမိ သန္နိဋ္ဌာန် ပြုခြင်းပင် ဖြစ်ပေသည်။ ع ب د ကို သဒ္ဒါပုံစံ ၆ မျိုးဖြင့် ကျမ်းတော်တွင် ၂၇၅ ကြိမ် တွေ့ရပေသည်။

၆။

اِہۡدِنَا الصِّرَاطَ الۡمُسۡتَقِیۡمَ ﴿۶﴾

တပည့်တော်တို့အား မြဲမြံနေသော ဝါဒလမ်းစဉ်သို့ ညွှန်ပြပေးတော်မူပါ။

() အစ္စလာမ်သာသနာဝင်များက ဤစကြဝဠာ အနန္တ ကျင်လည် ကျက်စားနိုင်ရန် စကြဝဠာများ အတွက် အလ္လာဟ်အရှင်၏ ပြဌာန်းချက် ဓမ္မသည် လူသား ပညတ်ဘုရား (ရစူလ်)များ မပွင့်ပေါ်မှီ အလျှင်ကပင် တည်ရှိနေသည်ဟု လက်ခံ ယုံကြည်ကြပေသည်။ ထိုပြဌာန်းချက် ဓမ္မများသည် စကြဝဠာ အားလုံး ဖြစ်တည်မှု အတွက် မရှိမဖြစ် လိုအပ်သော ပြဌာန်းချက် ဖြစ်သည့်အတွက် လူသားဘဝ ကျင်လည်မှုတွင် အဖုအထစ် ရှိနိုင်သည့် နိယာမများ ပါဝင်နေပေသည်။ ထို့ကြောင့် လောက၌ ရှိနေသော အရာများမှ လူသားများ ဆောင်ရန်၊ ရှောင်ရန်ကို လူသား ရစူလ်များ ပွင့်ပေါ်စေကာ ပြဌာန်းပေးပေသည်။ ထိုပြဌာန်းချက်များမှ ဋိကာချဲ့မှုကင်းသော၊ ဂိုဏ်းအယူအဆ ကင်းသော၊ မူလဓမ္မ သို့မဟုတ် လမ်းစဉ်ကို “မြဲမြံသော လမ်းစဉ်၊” ဟု ခေါ်ပေသည်။ ထိုလမ်းစဉ်မျိုးကို အရှင်၏ ဂုဏ်တော် ချီးမြှင့်ခြင်း ခံရသော ပုဂ္ဂိုလ်မြတ်များ၏ ကျင့်ဆောင်သည့် လမ်းစဉ်မျိုး ဟု လွယ်ကူစွာ နားလည် သဘောပေါက်နိုင်ရန် အာယတ်တော် (၁း၆) တွင် ဖေါ်ပြထားပေသည်။

၇။

صِرَاطَ الَّذِیۡنَ اَنۡعَمۡتَ عَلَیۡہِمۡ ۬ ۙ غَیۡرِ الۡمَغۡضُوۡبِ عَلَیۡہِمۡ وَ لَا الضَّآلِّیۡنَ ﴿٪۷﴾

အရှင့် ဂုဏ်ပေးခံရသော ၁၀ သူများ၏ လမ်းစဉ်မျိုး ဖြစ်၍- ကံကြီးသင့်သူ၊ ၁၁ အပါယ်သွားသူတို့၏ ၁၂ အဖြစ်မှ ကင်းရပါလို၏။

(၁၀) နိအ်မသ် نِعَمۡت ၏ အဓိပ္ပါယ်မှာ “ဂုဏ်ပေးခြင်း၊ ဘုန်းပေးခြင်း” ဟု ဖြစ်ပေသည်။ ဤအာယတ်တော်၌ ဆိုသော အရှင့်ထံတော်မှ ဂုဏ်ပေးခြင်း ခံရသူများ ဆိုသည်မှာ အလ္လာဟ်အရှင်ထံမှ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ချီးမြှင့်ခံရသော သတင်းတော်ဆောင် (နဗီ)များ၊ သမာဓိ ခိုင်မာသော ဖြောင့်မတ်သူများ၊ သစ္စာဓမ္မ၌ ပေးဆပ် သက်သေတည်သူများ၊ မိမိကိုယ်မိမိ ကောင်းမှုသို့ ပြုပြင် ပြောင်းလဲသူများပင် ဖြစ်သည် ဟု ကျမ်းတော်၏ (၄း၆၉) တွင် ဆိုထားပေသည်။ ن ع م ကို သဒ္ဒါပုံစံ ၉ မျိုးဖြင့် ကျမ်းတော်တွင် ၁၀၄ ကြိမ် ဖေါ်ပြထားသည်။

(၁၁) မဂ်ဿူ့ဘ် مَغضُوب ကို ဆရာတော်ကြီးများက ဘုရားသခင်ထံ၏ ကျိန်ဆဲခံရသူများဟု လည်းကောင်း၊ ဘုရားသခင်၏ အမျက်တော်သင့် ခံရသူများဟု လည်းကောင်း၊ ဘာသာပြန်ဆို ကြပေသည်။ ထိုသို့ ဘာသာပြန်ဆိုမှုမှာ ခရစ်ယာန်နှင့် ဂျူးဘာသာပြန်များမှ ဝေါဟာရ ပုံစံများကို မှီ၍ ဘာသာပြန်ဆိုမှု ဖြစ်ပြီး အလ္လာဟ်အရှင်သည် မေတ္တာတော်ရှင်၊ ကရုဏာတော်ရှင် ဆိုသည့် ဂုဏ်တော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ပင် ရှိသည်။ မြန်မာစကားတွင် ပြောဆိုလေ့ရှိသော “ဘုရား ကျိန်စာ သင့်တော့မှာပဲ” ဆိုသည့် ဥပစာ စကားလုံးမျိုးပင် ဖြစ်သည်။

အမှန်မှာ မဂ်ဿူ့ဘ် ဆိုသည့် စကားလုံး၏ ရင်းမြစ်သည် غ ض ب ဂဿွဘ ကို သဒ္ဒါပုံစံ ၅ မျိုးဖြင့် ကျမ်းတော်တွင် ၂၄ ကြိမ် ဖေါ်ပြ၍ ဘုရားရှင်က လူသားအား ကျိန်ဆဲခြင်း မဟုတ်ပေ။ လူသားက ဘုရားရှင် ချမှတ်သော တရား ဓမ္မအား ကြီးစွာ စော်ကားမိသောကြောင့် “မိမိ၏ ကံက မိမိအား ပြန်သင့်ခြင်း” ကို ခေါ်ပေသည်။ ပါရာဇိကံ သင့်ခြင်းမျိုး ဖြစ်သည်။ ဤစကားလုံး မဂ်ဿူ့ဘ် သည် ကျိန်စာသင့်နေသော လူမျိုးဟု မည်သည့် လူမျိုးတစ်မျိုးကိုမှ ရည်ညွှန်းခြင်း မရှိပေ။ မည်သူမဆို ဘုရားတရားအား စော်ကား မော်ကားပြုသော်၊ လောကဓမ္မကို ဆန့်ကျင်သော်၊ ဆိုးကျိုးဆက်ကို ခံစားရမည် ဖြစ်ပေသည်။ (၃၃း၆၁)။

(၁၂) ဿွာလီးန် الضَّآلِّیۡنَ မှာ “မူလမှန်နေသော လမ်းကြောင်းပေါ်မှ လွဲချော်သွားသူများ” ကို ဆိုလိုပေသည်။ လမ်းလွဲရသူ ဟူသည့် ဤ စကားလုံးသည်လည်း မည်သည့် လူမျိုးဖြစ်သည်ဟု လူမျိုးတစ်မျိုးလုံးကို ကျမ်းတော်က မရည်ညွှန်းပေ။ လမ်းစဉ်မှန်မှ လွဲချော်သွားသော သူ၊ မည်သူ့ကိုမဆို ဆိုလိုပေသည်။ ရင်းမြစ် ض ل ل ကို သဒ္ဒါပုံစံ ၈ မျိုးဖြင့် ကျမ်းတော်တွင် ၁၉၁ ကြိမ် တွေ့ရပေသည်။

ဓမ္မခန္ဓာ (၁) ဤတွင် ပြီး၏။

ဘာသာပြန်ဆိုသူ

ဦးဌေးလွင်ဦး၊ B.A မြန်မာစာ (ရန်ကုန်)၊
A.A Media Merketing (NY, USA)
Scholar of Buddhism, Christianity & Islam (American Authors' Association)

Scroll to Top