ဓမ္မခန္ဓာ (၃) အင်မရာမ်၏ ဝိုင်းသားများ ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၉)၊ သုတ်ဒေသနာ အပါး (၂၀၀) ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်- |
---|
၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။ ၂။ ပရမတ်ဘုရားရှင်- နိစ္စဓူ၀ ဖြစ်တော်မူသော ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိ။ ၃။ အရှင်သည် သင့်အား ပစ္စုပ္ပာန်မျက်မှောက် ဖြောင့်မှန်စေသည့် ကျမ်းတော် ကို ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၍- ဓမ္မဟောင်းနှင့် ဓမ္မသစ်ကိုလည်း ချမှတ်ပေးခဲ့ ပြီ။ ၄။ ရှေ့အလျင်ကလည်း လူသားတို့ အဘို့ လမ်းညွှန်နှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆို ချက်အား ချမှတ်ပေးခဲ့ပြီ။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ် သော သူများ အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် တန်ပြန်စေသော အရှင် ဖြစ်၏။ |
၅။ ဧကန်ပင် မိုးများနှင့် မြေ၌ ရှိရာတို့သည် ပရမတ်ဘုရားရှင်၏ ထံတော်တွင် ထိန်ဝှက်ထားနိုင်ခြင်း မရှိ။ ၆။ ထိုအရှင်သည် မည်သို့ စံချိန်ပြည့် သည် နှင့် အညီ သင်တို့အား ဝမ်းကြာတိုက်၌ ပုံစံချပေး၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ထိုအရှင် မှအပ အခြားဘုရား ဟူ၍ မရှိပြီ။ ၇။ အရှင်သည် သင့်အား ကျမ်းတော်ကို ချမှတ်ပေးသော အရှင် ဖြစ်၏၊ ထို၌ ကျမ်းတော်၏ မိခင်ရင်းမြစ် စီရင်ထုံး သုတ်ဒေသနာများနှင့် နောက်ဆက် ဆင်တူများ ပါရှိ၏။ စိတ်နှလုံး တိမ်းပါး လိုသူများကမူ သေးတိုးစမ်းရန် ရှာဖွေလျက် ဆင်တူများကို လိုက်ကာ ရှာဖွေ ဖွင့်ဆိုကြ၏။ ဖွင့်ဆိုနည်းကို ပရမတ်ဘုရားရှင်သည်သာ သိတော်မူ၏။ အသိ ပညာ သဘာရင့်သူများက “၎င်းတို့ အားလုံးသည် ကံကြမ္မာရှင်ထံမှ ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါ၏”ဟု ရင့်ကျူးကြ၏။ သဘောပေါက်နိုင်စွမ်း ရှိသူတို့ မှအပ ဆင်ခြင်သတိ မရှိကြချေ။ |
၈။ အို- ကံကြမ္မာရှင် တပည့်တော်တို့အား လမ်းညွှန်ပြီးနောက် တပည့်တို့ ၏ နှလုံးသားများအား မတိမ်းပါးစေပါနှင့်၊ အရှင့်ထံတော်မှ ကရုဏာတော် အားဖြင့် ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့်ရက်ရောသော အရှင် ဖြစ်ပါ၏။ ၉။ အို-ကံကြမ္မာရှင်၊ အရှင်သည် လူသားတို့အား အတူစုစေမည့် နေ့ကို သံသယ ဖြစ်ဘွယ် မရှိပါ၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့စေမည် မဟုတ်ပါ။ |
၁၀။ ဧကန်ပင် ဖုံးကွယ်သောသူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ ထံ၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်ပေ။ သူတို့သည် မီးလောင်စာများ ဖြစ်ကြ၏။ ၁၁။ ဖာရိုး မင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သော သူတို့၏ အလေ့အထကဲ့သို့- သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ ၏၊ သူတို့၏ ပြစ်မှုကြောင့် ပရမတ်ဘုရားရှင်သည် သူတို့အား အရေးယူလိုက်ပြီ၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။ ၁၂။ ဖုံးကွယ်သော သူတို့အား ဟောလော့ “သင်တို့အား ရှုံးနိမ့်စေလျက် အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲဘုံဆီသို့ မောင်းထည့် စုစည်းခံရစေမည်ပင်၊” |
၁၃။ ရင်ဆိုင်ဆုံတွေ့သော တပ်နှစ်ခု၌ သင်တို့အတွက် နိမိတ်လက္ခဏာ တစ်ရပ် အတိအကျ ရှိခဲ့၏၊ တပ်တစ်ခုသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်၏ နောက်တစ်ဘက်မှာ သူတို့ထက် နှစ်ဆ ပိုများသည်ဟု မျက်လုံး ဖြင့် မြင်ရသော ဖုံးကွယ်မှောင်သူများမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မှီသူအား အရှင်၏ ကူညီမှုဖြင့် ထောက်ပံ့တော်မူ၏၊ ဧကန်ပင်- ဒိဗ္ဗစက္ခုရှိ သူတို့ အတွက် ဤ၌ သင်ခန်းစာ တစ်ရပ် ရှိနေ၏။ |
၁၄။နှစ်သက်စေလောက်သည့် အမျိုးသမီးများ၊ သားသမီးများ၊ စုဆောင်း သိုမှီးထားရာ ရွှေထည် ငွေထည်များ၊ တံဆိပ်ထုထားသော မြင်းများ၊ ခွာကွဲ စားမြုံ့ပြန်တိရိစ္ဆာန်များ စိုက်ပျိုးမြေများက လူသားတို့အား ဖမ်းစားထားစေ၏၊ ဤသည်တို့သည် လောကီဘ၀၏ ချမ်းမြေ့စရာများသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်- အရှင့်ထံ၌သာ အတင့်တယ်ဆုံး အပြန်ခရီးသည် ရှိနေ၏။ ၁၅။ ဟောလော့ “ဤအရာ များထက် ပိုကောင်းသည်ကို ကျွန်ုပ် သတင်းထုတ်ပြန်ရမည်လော၊ စည်းစောင့် သော သူများ အတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ အောက်ခင်းတွင် စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများ ရှိနေ၏၊ ထို၌ သူတို့အား စံစားစေ၍ သန့်စင်သော စုဖွဲ့ဖေါ်များနှင့် ပရမတ်ဘုရားရှင်ထံမှ အားရကျေနပ်စရာ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား မြင်နေသော အရှင် ဖြစ်၏။” |
၁၆။ “အို ကံကြမ္မာရှင် တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့ အား အပြစ်များမှ လွတ်ငြိမ်းစေ၍ အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”ဟု လျှောက်ထားသူများမှာ- ၁၇။ ခန္တီပါရမီရှိသူ၊ ဖြောင့် မှန်သူ၊ နာခံသူ၊ ထည့်ဝင်သုံးစွဲ သူ၊ လှည့်စားခံရမှုမှ လွတ်ငြိမ်းဆုပန်သူများ ဖြစ်ကြ၏။ |
၁၈။ ပရမတ်ဘုရားရှင် ကိုယ်တိုင်နှင့် နိမိတ်ဆောင်များ အသိပညာ ရှိသူများ၊ သမာသမတ်ဖြင့် ရပ်သူများက အရှင်မြတ် မှအပ အခြားဘုရား ဟူ၍ မရှိကြောင်း သက်သေတည်၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော အရှင်မြတ်မှ အပ အခြား ဘုရားဟူ၍ မရှိပြီ။ ၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံ၌ စစ်မှန်သော သာသနာမှာ သန္တိသုခလမ်းစဉ်ပင် ဖြစ်၏၊ အသိပညာ ရောက်လာပြီးမှ ကျမ်းပေးခံ ရသော သူများသည် သူတို့ချင်း ကြား အပြစ်ရှာမှုကြောင့်သာ ကွဲလွဲခြင်း ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်သော မည်သူ့ကို မဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စရင်းစစ်နေတော်မူ၏။ |
၂၀။ သင့်အား စောကြောကြလျှင် “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား မျက်နှာမူလျှက် ငြိမ်းချမ်းရေး ပြော၍၊ ကျွန်ုပ်၏ ဒကာများသည်လည်း အတူတူပင်၊” ဟု ဟောကြားလော့၊ ကျမ်းပေးခံရသောသူများနှင့် စာပေကင်းကွာ သူတို့အား “သင်တို့ သည် ငြိမ်းချမ်းစေလိုကြသလော၊” အကယ်၍ ငြိမ်းချမ်းစေလိုကြလျှင် လမ်းညွှန်မှန်ကို လိုက်နာသူ မည်၏၊ လှည့်သွားကြလျှင်၊ သင်၏ ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသော အရှင် ဖြစ်ကြောင်း ဆိုက်ရောက် စေရန်သာ ဖြစ်၏၊ |
၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်လျက်၊ သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ လုပ်ကြံသော သူများ လူသားတို့ကြား သမာသမတ်ဖြင့် ညွှန်ကြားသူတို့အား သတ်ဖြတ်သော သူများ၏ ထံသို့ စူးနစ်သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းကို ပါးလော့။ ၂၂။ သူတို့၏ ကျင့်ကြံမှုသည် ဤဘ၀ နောင်ဘ၀၌ အချည်းနှီးပင်၊ ထိုသို့သော သူတို့အတွက် ကူညီမည့်သူ မရှိပြီ။ |
၂၃။ ပင်ပန်းခံရကျိုးအား ပေးအပ်ခံရသောသူများကို ကျမ်းတော်၌ အသင် မရှုစားမိသလော၊ သူတို့အကြား စီရင်ထုံးပြုရန် အလို့ငှာ ပရမတ်ဘုရားရှင်၏ ကျမ်းတော်ဆီသို့ ဖိတ်ခေါ် သောအခါ၊ ထို့နောက် သူတို့မှ တစ်ဖွဲ့kသည် လှည့်သွား ကြကုန်၏၊ သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။ ၂၄။ ယင်းမှာ- “ငရဲမီး သည် ကျွန်ုပ်တို့အား ရေတွက်ထားသော ရက်များ မှအပ ထိကပ်မည် မဟုတ်၊”ဟု ဆိုခြင်းကြောင့်၊ သူတို့၏ သာသနာရေး၌ သူတို့၏ လုပ်ကြံဖန်တီးလေ့ရှိရာများက မြှူဆွယ်ထားခြင်း ဖြစ်၏။ ၂၅။ သံသယဖြစ်ဘွယ် အလျဉ်းမရှိ၊ သူတို့ကို စုပေါင်း စေမည့် နေ့ကာလ၌ မည်သို့ ဖြစ်ကြအံ့နည်း၊ ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခဲ့ သမျှ ပြီးပြည့်စေလတ္တံ့၊ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ပေ။ |
၂၆။ ရင့်ကျူးလော့ “အို ပရမတ်ဘုရားရှင်၊ ဩဇာအာဏာ အရှင်သခင်၊ အရှင်သည် စံချိန်ပြည့်သူအား ဩဇာအာဏာကို ပေးတော်မူ၍၊ စံချိန်ပြည့်သူအား ဩဇာအာဏာမှ ဖယ်ပစ်ပါ၏၊ စံချိန်ပြည့်သူအား ဘုန်းတန်ခိုးကို ပေး၍၊ စံချိန် ပြည့်သူအား နိမ့်ပါးစေပါ၏၊ ကောင်းခြင်းများသည် အရှင့် လုပ်ပိုင်ခွင့်၌ ရှိတော်မူပါ ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူပါ၏၊” ၂၇။ “အရှင်သည် နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ သေခြင်းမှ ရှင်ခြင်းကို ထုတ်ယူတော်မူပါ၏၊ ရှင်ခြင်းမှ သေခြင်းကို ထုတ်ယူတော်မူပါ၏၊ စံချိန်ပြည့်သူ အား စရင်းမဲ့ ရိက္ခာထောက်တော်မူပါ၏၊” |
၂၈။ ယုံကြည်သူများသည် ယုံကြည်သူချင်း မှလွဲ၍ ဖုံးကွယ်သူတို့အား မဟာမိတ်အဖြစ် မယူမှတ်စေရ၊ ပြုလုပ်သူ မည်သူမဆို ပရမတ်ဘုရားရှင် ထံမှ ပတ်သက်မှု တစ်စုံတစ်ရာမျှ မရှိပေ။ သို့သော် သင်တို့ ကိုယ်သင်တို့ သူတို့မှ ကာကွယ်သင့်၏ ပရမတ်ဘုရားရှင်၊ အရှင်၏ စရိုက်တော်သည် သင်တို့အား စည်းစောင့်ရန် သတိပေးနေ၏၊ ပရမတ်ဘုရားရှင် ထံသို့သာ နောက်ဆုံး ပန်းတိုင် ဖြစ်၏။ ၂၉။ ဟောလော့၊ “သင်တို့၏ ရင်တွင်း၌ ထိန်ဝှက်ထားရာ သို့မဟုတ် ဖွင့်ဟရာကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ အရှင်သည် မိုးများနှင့် မြေ၌ ရှိသည်များကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗ လုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။” |
၃၀။ ဉာဉ်စရိုက်ကိုယ်စီ၊ ကျင့်ကြံခဲ့သမျှ အတွက် အသင့် ဖြစ်သော ကုသိုလ်နှင့်- ကျင့်ကြံခဲ့သမျှ အကုသိုလ် ထိပ်တိုက်တွေ့သော နေ့တွင်- သူ၏ကြား ၎င်း၏ကြား၌ နောက်ကျန်ရစ် လိုကြလတ္တံ့၊ ပရမတ်ဘုရားရှင်- အရှင်၏ စရိုက်တော်သည် သင်တို့အား သတိပေးနေ၏၊ ပရမတ်ဘုရားရှင် သည် အမှုတော် ဆောင်များကို ညှာတာတော်မူ၏။ |
၃၁။ ဟောလော့ “သင်တို့သည် ပရမတ်ဘုရားရှင်အား ချစ်ခင်လေ့ ရှိလျှင် ကျွန်ုပ်၏နောက်သို့ လိုက်လော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အား ချစ်မြတ်နိုး လိမ့်မည်၊ သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေလိမ့်မည်၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် ကြင်နာသောအရှင် ဖြစ်၏။” ၃၂။ ဟောလော့ “ပရမတ် ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ အကယ်၍ ဘက်လှည့်ကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအား နှစ်သက်မှု မရှိချေ။” |
၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အာဒံ၊ နူးဟ်၊ အီဗရာဟီးမ်၏ အဆက်များ၊ အင်မရမ်၏ အဆက်များအား လောကခပ်သိမ်းဝယ် ရွေးချယ်တော် မူ၏။ ၃၄။ သူတို့မှ အချို့ သည် အချို့၏ သားစဉ်မြေးဆက် ဖြစ်ကြ၏၊ ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။ |
၃၅။ အင်မရမ်၏မျိုးနွယ် အမျိုးသမီးတစ်ဦးက “အို-ကံကြမ္မာရှင် တပည့်တော်မသည် ဝမ်းကြာတိုက်မှ အရာအား အရှင့်အတွက် အနှောင်အဖွဲ့ ကင်းစွာ ရည်သန်ပါ၏၊ တပည့်တော်မအား အကိုးပြည့်စေတော်မူပါ၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်ပါ၏”ဟု ဆုပန်၏။ ၃၆။ သို့ဖြင့် သူမသည် မီးဖွားသန့်စင်သောအခါ “အို-ကံကြမ္မာရှင် တပည့်တော်မသည် မိန်းကလေးကို ဖွားမြင်ပါ၏၊ ပရမတ်ဘုရားရှင်သည် သူမအား ဖွားမြင်သည်ကို အသိဆုံး ဖြစ်တော်မူ၏၊ မိန်းကလေးသည် ယောက်ျားလေး ကဲ့သို့ မဟုတ်ပါ၊ တပည့်တော်မသည် သူမအား မာရိဟု အမည်ပေးပါ၏၊ သူမနှင့် သူမ၏ သားစဉ် မြေးဆက်တို့အား ပစ်ထုတ်ခံရသော မကောင်းဆိုးဝါးတို့မှ အကာအကွယ်ရရန် အရှင့်ထံ၌ ခိုလှုံစေပါ ၏။”ဟု ဆုပန်၏။ |
၃၇။ သို့ဖြင့် သူမ၏ ကံကြမ္မာရှင်သည် သူမအား တင့်တယ်သော အကိုး ပြည့်ခြင်းဖြင့် အကိုးပြည့်စေ၍ တင့်တင့်တယ်တယ် ဖြစ်ထွန်း အရွယ်ရောက် စေလျက် ဇက္ကရီယာ၏ ထိန်းကျောင်းမှုအောက်၌ ထားခဲ့ပြီ။ ဇက္ကရီယာသည် စခန်းသို့ ဝင်လေတိုင်း သူမထံ၌ အစားအသောက်များကို တွေ့ရ၍၊ “အို- မာရိ သင့်အတွက် ဤအရာမှာ ဘယ်က လာသနည်း၊”ဟု ဆိုသော် သူမက “ထိုအရာကား ပရမတ်ဘုရားရှင်၏ ထံမှတည်း။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူ အား စရင်းမဲ့ ရိက္ခာထောက်တော်မူ၏” ဟု ပြန်ပြော၏။ ၃၈။ ထို နေရာ၌ ဇက္ကရီယာ သည် သူ၏ကံကြမ္မာရှင်ထံ ဆုပန်၍ “အို-ကံကြမ္မာရှင်၊ အရှင့်ထံမှတော် စင်ကြယ် သော သားမြေးရတနာ တပည့်တော်အား ချီးမြှင့်တော်မူပါ၊ အရှင်သည် ဆုတောင်း ခြင်း များအား ကြားနေသော အရှင် ဖြစ်ပါသည်၊”ဟု ရင့်ကျူး၏။ |
၃၉။ သို့ဖြင့် သူသည် စခန်း၌ ဝတ်ပြု ရပ်တည်စဉ် နိမိတ်ဆောင်များက သူ့အား “ပရမတ်ဘုရားရှင်သည် သင့်အား ပရမတ်ဘုရားရှင်၏ ထံမှ ဓမ္မတော်အား ဖြောင့်မှန်စေသော၊ ဦးစီးခေါင်းဆောင် ဖြစ်သော၊ စိတ်ထိန်းနိုင်သော၊ ပြုပြင်သူတို့မှ ဖြစ်သော သတင်းတော်ဆောင် ယောဟန် အကြောင်း သတင်းကောင်းကို ပါးလေ ပြီ။”ဟု ကြေငြာ၏။ ၄၀။ သူက “အို-ကံကြမ္မာရှင် တပည့်တော်မှာ မည်သို့ ကလေး ရဦးမည်နည်း တပည့်တော်သည် အသက်ကြီးပိုင်း ဆိုက်ရောက်ပါပြီ၊ အမျိုးသမီး သည်လည်း မြုံအသူ ဖြစ်ပါ၏၊”ဟု ပြန်လျှောက်သော် အရှင်က “ဤအတိုင်းပင်၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီရာအား စီမံတော်မူ၏၊”ဟု မိန့်ဆို၏။ ၄၁။ သူက “အို ကံကြမ္မာရှင် တပည့်တော်အတွက် နိမိတ်တစ်ရပ် စီစဉ်ပေးတော်မူပါ၊”ဟု ဆု ပန်သော်၊ အရှင်က “သင်၏ နိမိတ်လက္ခာဏာမှာ သင်သည် လူသားတို့အား သုံးရက် တိုင် အရိပ်အယောင်ပြခြင်းမှအပ စကား မပြောရခြင်းပင်တည်း၊ သင့်ကံကြမ္မာရှင် အား မြောက်များစွာ သတိရရှုမှတ်လော့၊ ညဦး နံနက် ဦးထိပ်ထားလော့၊”ဟု မိန့်၏။ |
၄၂။ နိမိတ်ဆောင်များက ပြောသည်မှာ “အို- မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သင့်အား ရွေးချယ်တော်မူပြီ၊ သန့်စင်စေတော်မူပြီ၊ အမျိုးသမီးထု ၏ လောကခပ်သိမ်း အပေါ် ရွေးချယ်တော်မူလေပြီ၊”- ၄၃။ “အို- မာရိ၊ သင့် ကံကြမ္မာရှင်အား နာခံလော့၊ နှိမ့်ချလော့၊ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်လော့။” |
၄၄။ ဤသည် သင့်အား ငါအရှင် အာရုံဈာန်ပေးသော စက္ခုလွန်မှ သတင်း များပင်၊ မာရိအား မည်သူမည်ဝါ ထိန်းကျောင်းရမည်ကို ကလောင် ခင်းကျင်း သည့်အခါ၊ သူတို့နှင့် အတူ သင် မရှိချေ။ သူတို့ချင်း အချေအတင် ဖြစ်စဉ်၌လည်း သူတို့နှင့် အတူ သင်မရှိချေ။ |
၄၅။ နိမိတ်ဆောင်များက ပြောသည်မှာ “အို-မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်က သင့်အားပေးသော- အရှင်၏ စကားတော်နှင့်အတူ သတင်းကောင်း မှာ၊ ဤဘ၀ နောင်ဘ၀တွင် မျက်နှာသာရသော၊ ချည်းကပ်ခွင့်ရ သူတို့မှ ဖြစ်သော အမည်နာမ အားဖြင့် မာရိ၏သား ယေရှု ခရစ်၏ အကြောင်း ပင်တည်း၊” ၄၆။ သူသည် ပုခက်မှလည်းကောင်း အရွယ်ရောက် သော်လည်းကောင်း လူသားတို့အား စကားပြော၍၊ ပြုပြင်ပြောင်းလဲ သူတို့ အနက်မှ ဖြစ်လိမ့်မည်။ ၄၇။ သူမက “ကံကြမ္မာရှင်- မည်သည့် လူပုဂ္ဂိုလ် သည်မှ မထိတွေ့သေးဘဲလျက် တပည့်တော် မသည် မည်သို့ ရင်သွေး ရှိနိုင် အံ့နည်း၊”ဟု လျှောက်လေသော်၊ သူ ပြန်ပြော သည်မှာ အရှင်က “ဤသို့ပင်- ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်စေရာကို ဖြစ်တည်စေ၏၊ အရှင်သည် ညွှန်ကြားချက်ကို အပြီးသတ် ချသောအခါ- ၎င်းကို ဖြစ်ဟု မိန့်လိုက်သည် နှင့် ထို့နောက် ဖြစ်လာရမည်သာတည်း။” |
၄၈။ အရှင်သည် သူ့အား ကျမ်းတော်၊ ဓမ္မသတ်တော်ဖြစ်သည့် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ကို သင်ပေးတော်မူမည်။ ၄၉။ သူ့အား ဂျူးမျိုးနွယ် အတွက် ဉာဏ်စဉ်ဆောင် ဖြစ်စေ၍၊ “ကျွန်ုပ်သည် သင်တို့ထံ သင်တို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာကို မုချ ရောက်လာစေပြီ၊ ကျွန်ုပ်သည် သင်တို့အတွက် မြေမှ ငှက် ပုံစံချ ဖန်တီးလျက် သက်ဝင်စေလျှင် ၎င်းသည် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် ဖြင့် ငှက်ဖြစ်လာလိမ့်မည်၊ အကန်းနှင့် အနာကြီး ရောဂါသည်တို့ကို ရောဂါကင်းစေ နိုင်၍ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် အသေအား ရှင်သန်စေမည်၊ သင်တို့အား မည်သည်တို့ကို စားသုံးရမည်- မည်သည်တို့ကို အိမ်များ၌ သိုလှောင်ရမည်ကို သတင်းထုတ်ပြန်မည်၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ဧကန်ပင် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။ |
၅၀။ ကျွန်ုပ်သည် လက်ရှိ ဓမ္မဟောင်းကို ဖြောင့်မှန်စေပြီ၊ သင်တို့ အပေါ်၌ တားမြစ်သည်မှ အချို့ကို တရားဝင်စေပြီ၊ သင်တို့၏ ကံကြမ္မာရှင် ထံမှ သုတ်ဒေသနာများကို သင်တို့ထံသို့ ရောက်လာစေပြီ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင် ကိုသာ စည်းစောင့်ကြလော့၊ အကျွန်ုပ်အား နာခံကြလော့။ ၅၁။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင့် ကိုသာ ကိုးကွယ်ကြလော့၊ ဤသည် ဖြောင့်မှန် သော လမ်းစဉ် ဖြစ်၏။ |
၅၂။ ယေရှုသည် သူတို့မှ ဖုံးကွယ်မှုများကို ရင်ဆိုင်တွေ့သော်-“ပရမတ် ဘုရားရှင်အလို့ငှာ ကျွန်ုပ်အား မည်သူ ကူညီမည်နည်း၊”ဟု မေးမြန်းသော်၊ ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အလို့ငှာ ကူညီသူများ ဖြစ်ပါ၏၊ ပရမတ်ဘုရားရှင်၌ ယုံကြည်သက်ဝင်ပါ၏၊ ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြောင်း သက်သေပြုပါ၏၊”ဟု ကြွေးကြော်လျက်- ၅၃။ “အို၊ ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင် ချမှတ်ပေးသည်ကို ယုံကြည် သက်ဝင်ပါ၏၊ ဉာဏ်စဉ်ဆောင်အား လိုက်နာပါ၏၊ သို့ဖြစ်၍ သက်သေပြုသူများ နှင့်အတူ မှတ်တမ်းတင်ပေးတော်မူပါ၊”ဟု ဆုပန်ကြ၏။ |
၅၄။ သူတို့သည် ကြံစည်ကြ၏။ ပရမတ်ဘုရားရှင်သည်လည်း ကြံစည် နေ၏၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံး ကြံစည်နိုင်သောရှင် ဖြစ်၏။ ၅၅။ ပရမတ်ဘုရားရှင်က “အေ- ယေရှု၊ ငါသည် သင့်အား သက်တမ်းကုန်စေ၍၊ ငါ့ အထံတော်၌ မြှောက်စားတော်မူမည်၊ ဖုံးကွယ်သောသူများမှ သင့်အား သန့်စင်စေ တော်မူမည်၊ သင့်ကို လိုက်နာသောသူတို့အား ရပ်တည်ရသော နေ့ ထိတိုင် ဖုံးကွယ် သော သူတို့ထက် အပေါ်စီးမှ စီစဉ်ပေးတော် မူမည်၊ တဖန် သင်တို့၏ အပြန်ခရီး သည် ငါ့ထံသို့ ဖြစ်၏၊ သင်တို့၏ အကြား ကွဲလွဲခြင်း ရှိခဲ့ရာများကို ငါအရှင် စီရင်ထုံးချတော်မူမည်။”ဟု မိန့်၏။ |
၅၆။ သို့ဖြင့် ဖုံးကွယ်သော သူတို့အတွက်မူ ဤဘ၀ နောင်ဘ၀၌ ပြင်းထန် သော ဝဋ်ကြွေးဖြင့် ဝဋ်ခံရစေမည်၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။ ၅၇။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူတို့ အတွက်မူ သူတို့၏ ဆုလဒ်ကို ပြီးပြည့်စေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော်မမူပေ။ |
၅၈။ ဤသည် သင့်အား ငါအရှင် ရွတ်ဖတ်ပြသည့် သုတ်ဒေသနာများမှ သတိရစေသော ဓမ္မသတ်များ ဖြစ်၏။ ၅၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ယေရှု၏ ပမာသည်ကား အာဒံ ကဲ့သို့ ဖြစ်၏၊ သူ့အား မြေမှုန့်မှ ဖြစ်တည်စေပြီး-“ဖြစ်၊”ဟု မိန့်လိုက်သော် “ဖြစ်တည်လာရမည်တည်း။” |
၆၀။ သစ္စာဓမ္မသည် သင်၏ကံကြမ္မာရှင် ထံမှ ဖြစ်၏၊ သို့ဖြစ်၍ အချင်းများသူများတွင် မပါဝင်နှင့်၊ ၆၁။ အသိပညာမှ သင့်ထံသို့ ရောက်လာ ပြီး နောက် သင့်အား စောကြောလာသူ ရှိလျှင်- “လာကြလော့၊ ကျွန်ုပ်တို့၏ သားမြေး များ၊ သင်တို့၏ သားမြေးများ၊ ကျွန်ုပ်တို့၏ အမျိုးသမီးများ၊ သင်တို့၏ အမျိုးသမီး များနှင့် ကျွန်ုပ်တို့၏ ဉာဉ်စရိုက်များ သင်တို့၏ ဉာဉ်စရိုက်များကို ဆင့်ခေါ်၍ လိမ်ညာသူများ၏ အပေါ်သို့ ပရမတ်ဘုရားရှင်၏ မေတ္တာဝေးမှု စီစဉ်ပါစေဟု ရိုကျိုးစွာကျိန်ဆိုကြစို့၊” ဟု ကြေညာလော့။ |
၆၂။ ဧကန်ပင် ဤသည်မှာ တိကျမှန်ကန်သော ဖေါ်ပြချက်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်မှ အပ အခြား ဘုရားဟူ၍ မရှိပြီ၊ လုံး၀ဧကန်- ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်၏။ ၆၃။ အကယ်၍ လှည့်သွားခဲ့ကြလျှင်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များကို သိနေသော အရှင်ဖြစ်၏။ |
၆၄။ ဖိတ်ခေါ်လော့ “အို၊ ကျမ်းစာဝိုင်းသားတို့- လာကြလော့၊ ပရမတ် ဘုရားရှင်မှအပ အခြားကို မကိုးကွယ်ပါ၊ အရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းခြင်း မပြုပါ၊ ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်တို့မှ အချို့ကို အချို့က အရှင်ဘုရား ဟူ၍ အယူ မထားပါ ဟု ကျွန်ုပ်တို့ကြား သင်တို့ကြား တူမျှသော ကတိသစ္စာ ပြုကြစို့။” သူတို့ လှည့်သွားခဲ့လျှင် “ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြ၏”ဟု ပြော လျက် သင်တို့ သက်သေပြုကြလော့။ ၆၅။ အို ကျမ်းစာဝိုင်းသားတို့ အီဗရာဟီးမ်နှင့် ပတ်သက်လျက် အဘယ်ကြောင့် စောကြောနေကြသနည်း၊ ဓမ္မဟောင်း- ဓမ္မသစ် တို့ကို သူ့ခေတ် နောက်တိုင် ချမှတ်သေးသည် မဟုတ်ချေ၊ အတွေးအခေါ် မရှိကြ သလော။ ၆၆။ သင်တို့သည် မိမိတို့မသိသည့် အရာကို စောကြောနေသူများ ဖြစ်ကြ၏၊ အသင်တို့ အသိမရှိသော အရာ၌ အဘယ်ကြောင့် စောကြောနေကြ သနည်း၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏။ |
၆၇။ အီဗရာဟီးမ်သည် ရေ၀တီမဟုတ်၊ ခရစ်ယာန်လည်း မဟုတ်၊ သို့ရာတွင် သူသည် အယူသန့်သော သန္တိသုခဝါဒီ ဖြစ်၏၊ သူသည် ရောပြွန်း ကိုးကွယ်သူများ၌ မပါဝင်ချေ။ ၆၈။ ဧကန်ပင် အီဗရာဟီးမ်ထံသို့ ပိုလှည့်သော လူသားများမှာ သူနှင့် ဤသတင်းတော်ဆောင်အား လိုက်နာသော သူများ၊ ယုံကြည်သော သူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူများ အတွက် မဟာမိတ် ဖြစ်၏။ |
၆၉။ ကျမ်းစာဝိုင်းသားများမှ တစ်စုသည် သင်တို့အား လွဲချော်စေလိုကြ ၏၊ သူတို့၏ ဉာဉ်ကိုသာ သူတို့ လွဲချော်စေပြီ၊ သတိမမူနိုင်ကြချေ။ ၇၀။ အို ကျမ်းစာ ဝိုင်းသားတို့ သင်တို့သည် သက်သေများဖြစ်လျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း။ ၇၁။ အို၊ ကျမ်းစာ ဝိုင်းသားတို့ အဘယ်ကြောင့် အမှန်ကို အမှားဖြင့် ဆင်ယင်နေကြသနည်း၊ သင်တို့ သိနေပါလျက် အမှန်ကို အဘယ်ကြောင့် ထိန်ဝှက်ကြသနည်း။ |
၇၂။ ကျမ်းစာဝိုင်းသားများမှ တစ်စုက နှိုးဆော်သည်မှာ “သူတို့ ဦးလှည့် စေခြင်းငှာ ယုံကြည်သောသူများ အပေါ် ချမှတ်ပေးရာအား နေ့ပိုင်း မျက်နှာစာ အယုံပြ၍ နောက်ပိုင်း ဖုံးကွယ်ငြင်းဆန်ပစ်ကြလော့- ၇၃။ -သင်တို့ လိုက်နာသော သာသနာဝင် မှအပ မယုံကြည်ကြနှင့်၊”ဟု ဖြစ်၏။ ဟောကြားလော့ “ပရမတ် ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ သင်တို့အား ပေးအပ်သကဲ့သို့ တစ်စုံတစ်ယောက်အား ပေးအပ် ချီးမြှင့်နိုင်၏ သို့မဟုတ် သင်တို့၏ ကံကြမ္မာရှင် ထံ၌ သင်တို့အား စောကြော နိုင်၏။” ပြောဦးလော့ “ဧကန်ပင် သိက္ခာပေးမှုသည် ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား ချီးမြှင့် တော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။” ၇၄။ စံချိန်ပြည့်သူအား ကရုဏာတော်ဖြင့် သီးသန့်ရွေးကောက်၏၊ ပရမတ် ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။ |
၇၅။ ကျမ်းစာ ဝိုင်းသားများအနက် သင် ယုံကြည်အပ်နှံသော စုငွေများမှ သင့်အား ပြန်ပေးသူ ရှိ၏၊ သူတို့အနက် သင် ယုံကြည်အပ်နှံသော ငွေတစ်ပြားကို ပင် သင့်အား ပြန်မပေးလို သောကြောင့် သူ့အပေါ် ယှဉ်ရပ်ရသူ ရှိ၏၊ ၎င်းမှာ “စာမတတ်သူများနှင့် ပတ်သက်၍ နည်းလမ်းမလို၊”ဟု ဆိုသောကြောင့် ဖြစ်၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် ပြောဆို ကြကုန်၏။ ၇၆။ အမှန်မှာ- မည်သူမဆို ပဋိညာဉ်အား ပြီးပြည့်စေအံ့၊ စည်းစောင့်အံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအား နှစ်သက်တော်မူ၏။ ၇၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား၊ သူတို့ကိုယ်တိုင် အားသန်စွာ တန်ဘိုးချ ရောင်းစားသောသူတို့ အဘို့ အနာဂါတ် ဖြစ်တည်မှု မရှိပေ၊ သူတို့အား ပရမတ် ဘုရားရှင်က ဗျာဒိတ်ခြွေမည် မဟုတ်၊ ရပ်တည်ရသော နေ့၌ ကြည့်တော့မည် မဟုတ်၊ သန့်ရှင်းဖြူစင်စေမည် မဟုတ် သူတို့ အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။ |
၇၈။ ဧကန်ပင် သူတို့မှ တစ်ဖွဲ့သည် ကျမ်းတော်အား နှတ်လျှာကို လှည့် လျက် ကျမ်းတော်၌ မပါသည်ကို ကျမ်းတော်၌ ပါသည်ဟု စဉ်းစားစေရန် ပြု၏၊ ပရမတ်ဘုရားရှင်၏ထံပါးမှ မဟုတ်သည်ကို ပရမတ်ဘုရားရှင်၏ ထံပါးမှ-ဟု ပြောဆိုကြ၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်၏ အပေါ်၌ လိမ်လည် ပြောဆိုကြ၏။ ၇၉။ ပရမတ်ဘုရားရှင်က ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်း တော်ဆောင်ဘွဲ့ကို ချီးမြှင့်သော မည်သည့် လူပုဂ္ဂိုလ် ဖြစ်သူမှ- ပရမတ်ဘုရားရှင် မှလွဲ၍ အကျွန်ုပ်အား ကိုးကွယ်ကြဟု ပြောဆိုမည် မဟုတ်ချေ၊ သို့ရာတွင် သင်တို့ သည် ကျမ်းတော်အား သင်ပေးသူများ အဖြစ်၊ သင်တို့သည် လေ့လာသူများ အဖြစ် ကံကြမ္မာရှင်အား ဆည်းကပ်သူများ ဖြစ်ကြလော့ဟု ပြောလိမ့်မည်။ ၈၀။ နိမိတ် ဆောင်များနှင့် သတင်းတော်ဆောင်များအား အရှင်ဘုရား အဖြစ် အယူထားကြ ရန်လည်း ညွှန်ကြားမည် မဟုတ်ပေ။ သင်တို့သည် သန္တိသုခဝါဒီများ ဖြစ်ပြီး နောက်မှ ဖုံးကွယ်ကြရန် ညွှန်ကြားဦးမည်လော။ |
၈၁။ ပရမတ်ဘုရားရှင်က သတင်းတော်ဆောင်တို့အား “ငါသည် သင်တို့ အား ကျမ်းတော်မှ ဓမ္မသတ်ကို ပေးအပ်ပြီ၊ တဖန် သင်တို့၌ ရှိသည်ကို ဖြောင့်မှန် စေမည့် ဉာဏ်စဉ်ဆောင် တစ်ပါး သင်တို့ထံသို့ ရောက်လာစေမည် သူ့အား ယုံကြည်ကြလော့၊ သူ့အား ကူညီကြလော့၊”ဟု ကတိခံဝန်ကို ယူ၍ “ငါ၏ တာဝန်ကို သင်တို့ အတည်ပြု သလော၊ လက်ခံကြ သလော၊”ဟု မေးမြန်းသော်၊ “တပည့်တော်တို့ အတည်ပြုပါသည်၊”ဟု လျှောက်ထားကြ၏။ အရှင်က “သက်သေများ ဖြစ်ကြလော့၊ ငါအရှင်သည်လည်း သက်သေများနှင့်အတူ ရှိတော် မူ၏၊”ဟု မိန့်ဆို၏။ ၈၂။ သည်နောက်တွင်မှ လှည့်သွားခဲ့သူ ထိုသူတို့သည် ယုတ်မာ သူများ ဖြစ်ကြ၏။ |
၈၃။ ပရမတ်ဘုရားရှင်၏ သာသနာမှအပ အခြားကို ရှာဖွေလိုကြ သလော၊ မိုးများနှင့် မြေ၌ ရှိသူတို့သည် သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ အရှင့် အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေပေးရ၏၊ အရှင့်ထံ သို့သာ ပြန်ရကြမည်ပင်။ ၈၄။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ ထံသို့ ချမှတ် ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ်ပေးရာ၊ မူဆာနှင့် ယေရှုတို့ ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင် တိုင်းအား ကံကြမ္မာရှင်၏ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထို ကိုယ်တော် များ ကြား တစ်ပါးနှင့် တစ်ပါး မခွဲခြားပါ။ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေး ပြုသူများ ဖြစ်ကြ၏၊” ဟု ပြောဦးလော့။ |
၈၅။ သန္တိသုခလမ်းစဉ်မှအပ အခြား သာသနာ တစ်ခုခုအား ရှာဖွေသူ သည် သူ့အလို အကိုးပြည့်မည် မဟုတ်ချေ၊ ထိုသူတို့သည် နောင်ဘ၀၌ ဆုံးရှုံးရ သူများ ဖြစ်ရမည်။ ၈၆။ သက်ဝင်ယုံကြည် ပြီးနောက်၊ ဉာဏ်စဉ်ဆောင်သည် မှန်ကန်ကြောင်း သက်သေပြုပြီးနောက်၊ သူတို့ထံသို့ ရှင်းလင်းချက်များ ရောက် လာစေပြီ၊ ဖုံးကွယ်ကြသော လူမျိုးစုအား ပရမတ် ဘုရားရှင်က မည်သို့ လမ်းညွှန် အံ့နည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။ |
၈၇။ သူတို့ အစားရမည်မှာ ပရမတ်ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသား အပေါင်း၏ မေတ္တာဝေးစေခြင်း- ၈၈။ ၌ ကာလမဲ့ ဖြစ်၏။ သူတို့၏ ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့်ခွင့်ပေးမည်လည်း မဟုတ်ပေ။ ၈၉။သို့သော် ထိုသို့ ပြုမိပြီးနောက် ခဝါချလျှက် ပြုပြင်သောသူများ အတွက်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။ |
၉၀။ သူတို့ထံသို့ ယုံကြည်မှု ရောက်ပြီးမှ ဖုံးကွယ်ကြလျှက် ထို ဖုံးကွယ် ခြင်းကို တိုးပွားသောသူ၏ ခဝါချမှုကို အကိုးပြည့်စေမည် မဟုတ်၊ သူတို့သည် လွဲမှားသူများ ဖြစ်ကြ၏။ ၉၁။ ဧကန် ဖုံးကွယ်သောသူများမှ- ဖုံးကွယ်သူ အဖြစ်နှင့် ပင် သေဆုံးသွားသူ တစ်ဦးဦးအတွက် ကမ္ဘာမြေ အပြည့်ရှိသော ရွှေသားအတိ လျော်ကြေး ပေးသော်လည်း အကိုးပြည့်မည် မဟုတ်ချေ။ သူတို့အတွက် စူးနစ် သော ဝဋ်ကြွေးသည် ရှိနေ၏၊ ကူညီမည့်သူ မရှိပြီ။ ၉၂။ သင်တို့နှစ်သက်ရာကို စွန့်လှု သုံးစွဲခြင်း မရှိသ၍ ကောင်းမှုကို ဆွတ်ခူးနိုင်မည် မဟုတ်၊ သင်တို့ စွန့်လှုသုံးစွဲသော တစ်စုံတစ်ရာအား ဧကန်ပင် ပရမတ်ဘုရားရှင်က သိနေတော်မူသော အရှင် ဖြစ်၏၊ |
၉၃။ ဓမ္မဟောင်းအား မချမှတ်မှီ အစ္စရေးလ်က သူ့စရိုက်ကို တားမြစ် သည်မှအပ အစားအစာတိုင်းသည် ဂျူးလူမျိုးများ အတွက် တရားဝင် ဖြစ်၏ဟု ဆိုသူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဓမ္မဟောင်းကို ယူခဲ့ လျက် ဖတ်ပြကုန်လော့၊”ဟု တောင်းဆိုလော့။ ၉၄။ သည့်နောက်တွင်မှ ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီး လိမ်လည်သော မည်သူမဆို- သူတို့သည် အမိုက်ကောင်များ ဖြစ်ကုန်၏။ |
၉၅။ “ပရမတ်ဘုရားရှင်က ဖြောင့်မှန် အယူသန့်စေသော အီဗရာဟီးမ်၏ ပဋိပါတ်ကျင့်စဉ်သို့ လိုက်ကြလော့၊ သူသည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ် ချေ၊”ဟု ဟောကြားလော့။ ၉၆။ ဧကန်ပင် လူသားတို့ အတွက် အဦးဆုံး စတည်ခဲ့ သော အိမ်တော်မှာ ဗကာဟ်မြို့၌ ဖြစ်၍၊ လောကခပ်သိမ်း အတွက် ကျက်သရေ မင်္ဂလာနှင့် လမ်းညွှန်ရာ ဖြစ်၏။ ၉၇။ ဤမြို့၌ ထင်ရှားသော နိမိတ်လက္ခဏာတို့ ရှိ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့ရာ ရှိ၏။ ထိုအရပ်သို့ ဝင်ရောက်သူသည် ယုံကြည်စိတ် ချရ၏၊ ခရီးလမ်းသွားရန် တတ်နိုင်သူအဘို့ ထိုအိမ်တော်၌ ပရမတ်ဘုရားရှင် အတွက် ကံဆောင်ပရိဝါ့သ်ပြုရန် လူလားတို့ အပေါ်၌ ပြဌာန်း၏၊ အကယ်၍ ဖုံးကွယ်သူ ရှိသော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း အပေါ်၌ ကုံလုံပြည့်စုံတော်မူ၏။ |
၉၈။ ဟောလော့ “အို- ကျမ်းစာဝိုင်းသားတို့ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း၊ ပရမတ်ဘုရားရှင် သည် သင်တို့ ကျင့်ကြံသမျှ၌ သက်သေပင် ဖြစ်၏။” ၉၉။ ဟောလော့ “အို- ကျမ်းစာ ဝိုင်းသားတို့၊ သင်တို့ကိုယ်တိုင် သက်သေများ ဖြစ်ပါလျက် ယုံကြည်သူတို့အား ကောက်ကျစ်မှုကို ရှာစေ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ အဘယ်ကြောင့် ရှောင်ဖယ်နေသနည်း။” ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား မေ့လျော့ထား သည် မဟုတ်ပေ။ |
၁၀၀။ အို- ယုံကြည်သောသူတို့၊ ကျမ်းပေးခံရသော သူများမှ တစ်ဖွဲ့အား နာခံကြလျှင်၊ သူတို့က သင်တို့အား ယုံကြည်ပြီးမှ ဖုံးကွယ်သူများ အဖြစ် ပြန်လှည့် စေလိုကြ၏။ ၁၀၁။ သင်တို့အား ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ နေပါလျက်၊ အရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ အထဲ၌ ရှိနေပါလျက်- သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ ပရမတ်ဘုရားရှင် ဘက်မှ မားမားရပ်သူအား ဖြောင့်မှန် သော လမ်းစဉ်သို့ မုချ ညွှန်ခြင်းခံရစေလတ္တံ့။ |
၁၀၂။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား မှန်ကန်စွာ စည်းစောင့်ခြင်းဖြင့် စည်းစောင့်ကြလော့၊ သင်တို့သည် သန္တိသုခဝါဒီများ အဖြစ်မှ အပ ခန္ဓာမစွန့်ကြကုန်နှင့်။ ၁၀၃။ ပရမတ်ဘုရားရှင်၏ ကတိကြိုး ဘက်မှ မားမားရပ် ကြလော့၊ စုစည်းကြလော့ မခွဲခြားကြနှင့်၊ သင်တို့ချင်း စည်းဖေါက်သူများ အဖြစ် ရှိနေရာမှ အရှင်၏ ဂုဏ်ပေးမှုဖြင့် သင်တို့၏ စိတ်နှလုံးချင်းကြား ညီအစ်ကို အဖြစ် စည်းလုံးမှု ဖြစ်လာစေသည့်- ယခင် မူလက မီးလျှံ ကမ်းပါး၌ ရှိနေသော သင်တို့အား ကယ်ဆယ်ခဲ့သည့်- ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရလော့၊ သင်တို့ အတွက် လမ်းညွှန် မှန်ရအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာ များကို ဤသို့ရှင်းလင်းစေ၏၊ ၁၀၄။ သင်တို့အနက် အကောင်းသို့ ဖိတ်ခေါ်သော၊ အသိအမှတ် ပြု ညွှန်ကြားသော၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသော အသိုင်းအဝိုင်း ရှိလိမ့်မည်၊ သူတို့သည် အောင်မြင်ပေါက်မြောက်သူများ ဖြစ်ရလတ္တံ့။ |
၁၀၅။ အချင်းချင်း ခွဲခြားနေလျက် သူတို့ထံသို့ ရှင်းလင်းချက်များ ရောက် လာစေပြီးမှ သဘောထားကွဲသောသူများ ကဲ့သို့ မဖြစ်ကြနှင့်၊ သူတို့ အဘို့ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။ ၁၀၆။ မျက်နှာများ ဖြူစင်တောက်ပသော၊ သို့မဟုတ် မျက်နှာ များ သုန်မှုန်မဲမှောင်သော နေ့ကာလ၌၊ မျက်နှာ မဲမှောင်သော သူတို့မှာမူ အသင် တို့သည် ယုံကြည်ပြီးမှ ဖုံးကွယ်ခဲ့သည် မဟုတ်လော၊ သင်တို့ ဖုံးကွယ်လေ့ရှိခဲ့သည့် ဝဋ်ကြွေးကိုသာ မြည်းကြလော့ ဟု စေခံရ၍-၁၀၇။ သို့သော် မျက်နှာ ဖြူစင်သော သူတို့ မှာမူ ပရမတ်ဘုရားရှင်၏ ကရုဏာရိပ်၌ ဝင်ရလျက် ထို၌ ကာလမဲ့ခံစားစေ လတ္တံ့။ |
၁၀၈။ ဤသည် ပရမတ်ဘုရားရှင်က သင့်အား သစ္စာတရားဖြင့် ရွတ်ဖတ် ဆင့်ပြန်သော သုတ်ဒေသနာများ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း အား အမိုက်သင့်စေလိုသည် မဟုတ်ချေ။ ၁၀၉။ မိုးများနှင့် မြေအတွင်း ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရေးအရာတိုင်းသည် ပရမတ် ဘုရားရှင်၏ ထံသို့ ဦးလှည့်ရမည်သာတည်း။ |
၁၁၀။ သင်တို့သည် လူသားတို့ အတွက် ပေါ်ထွန်းလာသော အကောင်းဆုံး အသိုင်းအဝိုင်းပင် ဖြစ်၏၊ အသိအမှတ်ပြု ညွှန်ကြားကြကုန်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြကုန်၊ ပရမတ်ဘုရားရှင်အား ယုံကြည်ကြကုန်လော့၊ ကျမ်းစာ ဝိုင်းသား များသည် ယုံကြည်ကြလျှင် သူတို့အတွက် သာ၍ကောင်းပေ၏၊ သူတို့အနက် ယုံကြည်သူများလည်း ရှိ၏၊ အများစုမှာ ယုတ်မာသူများ ဖြစ်ကြ၏။ |
၁၁၁။ ထိခိုက်နာကျင်မှု မှအပ သင်တို့အား မနစ်နာစေနိုင်၊ အကယ်၍ သင်တို့နှင့် တိုက်ပွဲဖြစ်ကြလျှင် သင်တို့ဘက်မှ လှည့်၍ နောက်တန်းသို့ ထွက်ပြေး လတ္တံ့၊ သူတို့သည် အကူအညီရမည် မဟုတ်ပေ။ ၁၁၂။ ပရမတ်ဘုရားရှင်မှ ကတိ ကြိုးနှင့် လူသားတို့မှ ကတိကြိုးမှအပ သူတို့အား ထိပ်တိုက်တိုးရာ၌ သိမ်ငယ်ခြင်း ကို ရိုတ်ခတ်စေပြီ၊ ပရမတ်ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုနှင့် သူတို့အပေါ်၌ နွမ်းပါးခြင်းကို ရိုက်ခတ်စေပြီ၊ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်လေ့ရှိခြင်း၊ သတင်းတော်ဆောင်များအား သစ္စာ မဲ့စွာ သတ်ဖြတ်ခြင်း များကြောင့် ဖြစ်၏၊ ဤသည် သူတို့၏ အာခံမှုနှင့် စည်းဖေါက်လေ့ ရှိမှုများကြောင့် ဖြစ်၏။ ၁၁၃။ အားလုံး တူညီသည် မဟုတ်ပေ၊ ကျမ်းစာ ဝိုင်းသားများ အနက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ညည့်ယံ အချိန်များ၌ ရွတ်ဖတ်လျက် ဦးချဝပ်တွားသော ရပ်တည်ချက် ခိုင်မာသည့် အသိုင်းအဝိုင်းလည်း ရှိနေ၏။ |
၁၁၄။ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည်ကြ၏၊ အသိအမှတ်ပြု ညွှန်ကြားကြ၏၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြ၏၊ ကောင်းခြင်း တရား၌ အလျင်စလို ရှိကြ၏၊ သူတို့သည်ကား ပြုပြင်ပြောင်းလဲသူများ ဖြစ်ကြ၏။ ၁၁၅။ ကောင်းမှုဆောင်တာ ပြုလုပ်ကြခြင်းကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ၊ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူတို့အား သိနေတော်မူသော အရှင် ဖြစ်၏။ |
၁၁၆။ ဖုံးကွယ်သော သူများအတွက် သူတို့၏ ဥစ္စာပစ္စည်းမျာ၊ ရင်သွေး များသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်။ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ ကာလမဲ့ခံစားရမည်ပင်။ ၁၁၇။ ဤလောကီဘ၀၌ ထိုသူတို့၏ သုံးစွဲခြင်း ဥပမာသည်ကား စိတ်စရိုက် မိုက်ကြေး ခွဲနေသည့် လူမျိုး၏ စိုက်ပျိုးမြေအား ထိခိုက် တိမ်ကောစေသည့် ဇွတ်တိုးတိုက် နေသော လေကဲ့သို့ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာသင့်စေ သည် မဟုတ်ချေ၊ သူတို့ စရိုက်ကို သူတို့က မိုက်ကြေးခွဲနေကြ၏။ |
၁၁၈။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်း မှလွဲ၍ သင်တို့အား ဆုတ်ယုတ်စေရန် ကိုးထားသူတို့အား အတွင်းလူ အဖြစ် မစွဲယူကြနှင့်၊ သူတို့က သင်တို့အား စိတ်ပင်ပန်းစေလို၏၊ သူတို့၏ ပါးစပ်များမှ အာဃာတများ ပွင့်ထွက် ၏၊ သူတို့၏ ရင်တွင်း၌ ပို၍ကြီးသော ထိန်ဝှက်မှုများ ရှိနေ၏၊ သင်တို့ အတွေး အခေါ် ရှိကြလျှင်- သင်တို့အတွက် ငါအရှင်သည် သုတ်ဒေသနာများကို မုချဧကန် ရှင်းလင်းစေတော်မူပြီ။ ၁၁၉။ သင်တို့သည် ကျမ်းတော်အား အလုံးစုံ ယုံကြည် သောကြောင့်၊ သင်တို့ ချစ်ခင်သော သူတို့က- သင်တို့အား ချစ်ခင်ခြင်း မရှိပေ၊ သင်တို့အား ဆုံသောခါ သူတို့က “ကျွန်ုပ်တို့လည်း ယုံကြည်ကြပါ၏၊”ဟု ပြောဆို လျက်၊ သူတို့ချည်း ဖြစ်သော် သင်တို့ အပေါ် ဒေါသဖြစ်လျက် ပုရွက်ဆိတ်ကိုက် ကိုက်ကြကုန်၏၊ “သင်တို့ဒေါသဖြင့် သင်တို့ သေကြကုန်၊”ဟု ပြောလော့။ သူတို့၏ ရင်တွင်း၌ ရှိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူသော အရှင် ဖြစ်၏။ |
၁၂၀။ အကယ်၍ သင်တို့အား သုမင်္ဂလာ သက်လျှင် သူတို့အတွက် အကုသိုလ် ဝေဒနာ ဖြစ်၏၊ သင်တို့အား အကုသိုလ် ထိလျှင် သူတို့ ဝမ်းသာအားရ ဖြစ်ကြ၏၊ သည်းခံပါရမီထား၍ စည်းစောင့်လျှင် သူတို့၏ ကြံစည်မှုသည် သင်တို့အား တစ်စုံတစ်ရာ နစ်နာစေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သူတို့ ကျင့်ကြံသမျှကို ဝိုင်းရံထားတော်မူ၏။ ၁၂၁။ စစ်ပြင်ရန်အတွက်၊ ယုံကြည်သူများ တပ်စွဲရာ၌ အထိုင်ချရန် သင်သည် မိသားစုမှ ခွဲလျက် မနက် စောစော ထွက်သွား သောအခါ- ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေ သောအရှင် ဖြစ်၏။ ၁၂၂။ သင်တို့မှ လူစု နှစ်စုက စိတ်ဓါတ်ကျလျက် ကြံမိကြံရာ ဖြစ်သောအခါ- ပရမတ်ဘုရားရှင်သည် သူတို့၏ မဟာမိတ် ဖြစ်၏၊ ယုံကြည်သူ များ အနေဖြင့် ပရမတ်ဘုရားရှင်အား ကိုးစားထိုက်၏။ |
၁၂၃။ သင်တို့ဘက်မှ အနှိမ်ခံရသော်လည်း ပရမတ်ဘုရားရှင်သည် သင်တို့အား ဘဒရ်စစ်ပွဲ၌ မုချ ကူညီခဲ့၏၊ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့။ ၁၂၄။ ယုံကြည်သူတို့အား “သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား တိုးပွားစေရန် နိမိတ်ဆောင် သုံးထောင်အား တာဝန် ချခဲ့သည်မှာ မလုံလောက်သလော၊”ဟု ပြောလျက်- ၁၂၅။ အမှန်မှာ သင်တို့သည် သည်းခံပါရမီမြဲ၍ စည်းစောင့်ကြလျှင် သူတို့သည် သင်တို့ထံ ပွက်လောရိုက် ဝင်ရောက်လာ သော်လည်း သင်တို့၏ ကံကြမ္မာရှင်က ဘက်တံဆိပ်ရှိသော နိမိတ်ဆောင် ငါးထောင်ဖြင့် တိုးပွားစေလတ္တံ့။ |
၁၂၆။ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် သင်တို့အား သတင်းကောင်း နှင့် စိတ်နှလုံး အေးငြိမ်းရန်သာ စီစဉ်ပေးတော်မူ၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှအပ အကူအညီဟူ၍ မရှိခြင်းမှာ- ၁၂၇။ ရန်သူတို့- မျက်ခြည်ပြတ်ရန် သို့မဟုတ် စိတ်ပျက် အရှက်ကွဲလျက် ဦးလှည့်ပြေး စေရန် ဖြစ်၏။ ၁၂၈။ သူတို့အား သင်ပုန်းချေပေးသည် ဖြစ်စေ၊ ဝဋ်ဒဏ်သင့်စေသည် ဖြစ်စေ၊ သင်၏ ညွှန်ကြားချက် တစ်စုံတစ်ရာမျှ မဟုတ်ချေ၊ ဧကန်ပင် သူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။ ၁၂၉။ မိုးများ နှင့် မြေ၌ ရှိသမျှတို့သည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား လွတ်ငြိမ်းစေ၍ စံချိန်ပြည့်သူအလျောက် ဝဋ်သင့်စေ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေ သော အရှင် အကြင်နာရှင် ဖြစ်၏။ |
၁၃၀။ အို- ယုံကြည်သောသူတို့၊ ထပ်ထပ်တိုးလျက် ထပ်ပြန်တိုး မစားကြ နှင့်၊ သင်တို့ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြ လော့။ ၁၃၁။ ဖုံးကွယ်ငြင်းဆန်သူများ အတွက် တွက်ချက်ပြင်ဆင် ထားသော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။ ၁၃၂။ သင်တို့ အပေါ်သို့ ကရုဏာ သက်အံ့ သောငှာ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့။ |
၁၃၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းခွင့်နှင့် စည်းစောင့်သူများ အတွက် တွက်ချက်ပြင်ဆင်ထားသည့် မိုးနှင့် မြေ ဘောင်အနှံ့ သုခဘုံသို့ အလျင်စလို ရှိကြလော့။ ၁၃၄။ သူတို့သည် အဆင်ပြေသည်ဖြစ်စေ နစ်နာနေသည် ဖြစ်စေ လှုဒါန်းသုံး စွဲကြ၏၊ ဒေါသဖြစ်မိသော် ယူကြုံးမရ ဖြစ်၏၊ လူသားတို့အား ကျေအေးပေးကြ၏၊ ပရမတ်ဘုရားရှင်သည် ထိုသုမင်္ဂလာ ပြုသူတို့အား နှစ်သက် တော်မူ၏။ |
၁၃၅။ သူတို့သည် ကိုယ်ကျင့်ပျက်ခြင်း ပြုလုပ်မိသည် ဖြစ်စေ၊ သူတို့ စရိုက်ကိုသူတို့ မိုက်ကြေးခွဲမိသည်ဖြစ်စေ ပရမတ်ဘုရားရှင်အား သတိရရှုမှတ် ကြ၏၊ သူတို့၏ အပြစ်များမှ လွတ်ငြိမ်းဆုများပန်ကြ၏၊ ပရမတ်ဘုရားရှင်မှအပ မည်သူက အပြစ်များကို လွတ်ငြိမ်းစေမည်နည်း၊ သူတို့သည် သိနေလျက် ဇွတ်တိုး ပြုလုပ်နေသည် မဟုတ်ချေ။ ၁၃၆။ သူတို့ အတွက် အစားရမည်မှာ ကံကြမ္မာရှင်၏ ထံမှ လွတ်ငြိမ်းစေခြင်းနှင့်- သူတို့ ကာလမဲ့စံမြန်းရန် အောက်ခြေ၌ စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်များ ဖြစ်၏။ ကျင့်ကြံသူများ အတွက် ဂုဏ်ပေး ခြင်း ဆုလဒ်သည် ရှိ၏။ |
၁၃၇။ သင်တို့၏ ရှေ့အလျင်က ဓလေ့အဖုံဖုံ ပျောက်ကွယ်ခဲ့ပြီ၊ သို့ဖြစ်၍ သင်တို့သည် ကမ္ဘာမြေအနှံ့ သွားလာလျက် ငြင်းဆန်သူတို့ နိဂုံးချုပ် မည်သို့ ဖြစ်သည်ကို ကြည့်ကြလော့။ ၁၃၈။ ဤရှင်းလင်းချက်သည် လူသား အပေါင်းအား လမ်းညွှန်တော်နှင့် စည်းစောင့်သူများအတွက် ဩဝါဒတော် ဖြစ်၏။ ၁၃၉။ အား မလျော့ကြနှင့် စိတ်မပူကြနှင့် သင်တို့သည် ယုံကြည်သူ စင်စစ် ဖြစ်သော် အပေါ် စီးမှ ဖြစ်လာလတ္တံ့။ |
၁၄၀။ သင်တို့အား ဒဏ်ရာဒဏ်ချက် ထိသက်ခဲ့လျှင်- အလားတူ ဒဏ်ရာ ဒဏ်ချက် ရန်ရှာသူများကိုလည်း ထိသက်ပြီ။ လူသားချင်းကြား၌ ဤသို့ အတုံ့ အလှည့် ရက်ကာလများကို သတ်မှတ်ခြင်းမှာ ပရမတ်ဘုရားရှင်သည် သင်တို့မှ ယုံကြည်သော သူများနှင့် အယူမြဲ သက်သေတည်သွား သူများကို သိစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော် မမူချေ။ ၁၄၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူများအား စင်ကြယ်စေရန် ဖုံးကွယ်သူတို့ အား မှေးမှိန်စေရန် အလို့ငှာ ဖြစ်၏။ ၁၄၂။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အနက် အားစိုက်ဆောင်ရွက်သော သူများကို သိတော်မမူသေးဘဲ၊ ခန္တီပါရမီ ကြီးသူများကို သိတော်မမူ သေးဘဲ သုခဘုံသို့ ဝင်ကြရမည်ဟု သင်တို့ စိတ်ကူးယဉ် နေကြသလော။ ၁၄၃။ သင်တို့သည် မဆုံတွေ့မှီကပင် သေခြင်းတရားကို မုချ ဆန္ဒရှိ ကုန်၏၊ သို့ဖြင့် သင်တို့ ကြည့်နေစဉ်ပင် မျက်မြင်ဒိဌ တွေ့ကြရလေပြီ။ |
၁၄၄။ မေတ္တေယျသည် ဉာဏ်စဉ်ဆောင် တစ်ပါးသာ ဖြစ်၏၊ သူ့ မတိုင်မှီ ဉာဏ်စဉ်ဆောင်များလည်း ကွယ်လွန်ခဲ့ကြပြီ၊ အကယ်၍ သူ ပရိနိဗ္ဗာန်ပြုသည် ဖြစ်စေ၊ ခန္ဓာကြွေရသည် ဖြစ်စေ သင်တို့သည် သင်တို့၏ နိဂုံးချုပ်ရာသို့ ဦးလှည့်ကြမည်လော၊ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည် ဖြစ်စေ ပရမတ် ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ် ဘုရားရှင်သည် ကျေးဇူး သိတတ်သူများအား အစားပေးတော်မူလတ္တံ့။ ၁၄၅။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည့်သည့် ဉာဉ်စရိုက်သည်မှ နိဌိတံ ခွင့်မရှိ၊ ပြဌာန်းထားသော သတ်မှတ် ကာလ ရှိ၏၊ ဤလောကီ အကျိုးကို လိုသော သူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ လောကုတ္တရာ အကျိုးကို လိုသော သူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ ငါအရှင်သည် ကျေဇူးသိသူများ အား အစားပေးတော်မူမည်။ |
၁၄၆။ သတင်းတော်ဆောင် တစ်ပါးနှင့် အတူ ခုခံတိုက်ခဲ့ရသော၊ ကံကြမ္မာရှင်အား ဆည်းကပ်သူ များစွာ ရှိ၏၊ သို့ဖြင့် သူတို့သည် ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ ထိခိုက်ခြင်းကြောင့် အားမလျော့ကြ၊ မချိနဲ့ကြ၊ စိတ် မလျော့ကြချေ၊ ပရမတ်ဘုရားရှင်သည် ခန္တီပါရမီ ရှိသူတို့အား နှစ်သက်တော်မူ၏။ ၁၄၇။ သူတို့က “အို- အရှင်၊ တပည့်တော်တို့အား အပြစ်များနှင့်- အလွဲသုံးစား ဖြစ် စေသည့် အရေးအရာများမှ တပည့်တော်တို့အား လွတ်ငြိမ်းစေပါ၊ တပည့်တော် တို့၏ စုံရပ်ခံမှုကို ခိုင်မာစေတော်မူပါ၊ ဖုံးကွယ်သော လူမျိုးအား လွမ်းမိုးနိုင်ရန် ကူညီတော်မူပါ၊”ဟု လျှောက်ထား ခြင်းမှအပ အခြား ညီးညူခြင်း မရှိချေ။ ၁၄၈။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား ဤဘ၀၌ အကျိုးကိုလည်းကောင်း နောင်ဘ၀၌ ပို၍ တင့်တယ်သော အကျိုးကို လည်းကောင်း ချီးမြှင့်လတ္တံ့၊ ပရမတ် ဘုရားရှင်သည် သုမင်္ဂလာပြုသူတို့အား နှစ်သက်တော်မူ၏။ |
၁၄၉။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဖုံးကွယ်သော သူတို့အား နာခံကြလျှင်၊ သူတို့က သင်တို့အား သင်တို့၏ နိဂုံးများသို့ ဦးလှည့်စေလိုကြ၏၊ သို့ဖြင့် သင်တို့သည် ဆုံးရှုံးသူများ ဖြစ်ရလတ္တံ့။ ၁၅၀။ အမှန်မှာ၊ ပရမတ်ဘုရားရှင် သည် သင်တို့ အတွက် မဟာမိတ် ဖြစ်၏၊ အကောင်းဆုံး ကူညီသော အရှင် ဖြစ်၏။ ၁၅၁။ ငါသည် ထိုဖုံးကွယ်သော သူတို့၏ စိတ်နှလုံး၌ ကြောက်လန့်မှုကို ဆုံတွေ့စေ လတ္တံ့၊ ယင်းမှာ သူတို့သည် အခွင့်အာဏာ ချမှတ်ပေးခြင်း မရှိသော အရာနှင့် ပရမတ်ဘုရားရှင်အား ရောပြွန်းကိုးကွယ်သောကြောင့် ဖြစ်၏၊ အပူမီးသည် သူတို့ အတွက် ခိုလှုံရာ ဖြစ်၍၊ အမိုက်ကောင်များအတွက် အမင်္ဂလာ တည်းခိုရာ ဖြစ်၏။ |
၁၅၂။ အရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့အား ရင်ဆိုင်ရစဉ် သင်တို့၏ စိတ်ဓါတ်ကျမှုနှင့် ညွှန်ကြားချက် ဖယ်ပစ်မှု၊ အာခံမှုတို့ ဖြစ်သည့်တိုင် ပရမတ် ဘုရားရှင်သည် ကတိတော်ကို သင် တို့ အဘို့ မုချ ဖြောင့်မှန်စေခဲ့၏။ သင်တို့ နှစ်သက်ရာကို မြင်စေပြီးနောက် သင်တို့အနက် ဤလောကီကို လိုလားသူ ရှိ၏၊ သင်တို့မှ လောကုတ္တရာကို လိုလား သူလည်း ရှိ၏၊ တဖန် အသင်တို့အား စုံစမ်းရန် အလို့ငှာ သူတို့မှ ဝေးရာသို့ သင်တို့ကို ပြန်လှည့်စေ ခဲ့ပြီ၊ သင်တို့အား မုချ ကျေအေး ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ယုံကြည် သူများအား သိက္ခာပေးသော အရှင် ဖြစ်၏။ ၁၅၃။ တစ်ဦးတစ်ယောက်ကိုမှ လှည့်မကြည့်တော့ဘဲ တက်ပြေးကြစဉ်- ဉာဏ်စဉ်ဆောင်သည် သင်တို့အား နောက်မှ အော်ခေါ်ခဲ့၏၊ သင်တို့ လက်လွတ်ရ သော အရာများ၊ သင်တို့ထံ ကျရောက်လာသော အရာများ သင်တို့အား ထိခိုက် မှုများ အတွက် ဝမ်းနည်းမှုအစား- တလှိုက်လှိုက် တလှိုက်လှိုက်သာ ဖြစ်စေခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံလေ သမျှကို သတင်းရနေတော်မူ၏။ |
၁၅၄။ တလှိုက်လှိုက် ဖြစ်ရပြီးနောက် အရှင်သည် သင်တို့အပေါ်သို့ ယုံကြည်စိတ်ချရခြင်းကို တဖန် ချမှတ်ပေးပြီး၊ သင်တို့မှ တစ်စုအား မှေးစက်ခြင်း ကို လွှမ်းခြုံစေခဲ့၏၊ အခြားတစ်စုမှာ သူတို့စိတ်က ကြံစည်လျက် ပရမတ်ဘုရားရှင် နှင့် စပ်လျဉ်း၍ ပညာမဲ့တို့ စဉ်းစားချက်မျိုး သစ္စာ မဲ့စွာ စဉ်းစားလျှက် “ကျွန်ုပ်တို့၌ တစ်စုံတစ်ရာ ညွှန်ကြားခွင့် မရှိဘူးလား၊”ဟု ဆိုကြ၏၊ “ညွှန်ကြားချက် အလုံးစုံ သည် ပရမတ်ဘုရားရှင်ထံမှ ဖြစ်၏၊”ဟု ပြန်ပြောလော့၊ သူတို့၏ စိတ်တွင်း၌ ထိန်ဝှက်ထားရာကို သင့်အား မဖွင့်ဟဘဲလျက် “ကျွန်ုပ်တို့၌ ညွှန်ကြားခွင့် တစ်စုံ တစ်ရာ ရှိခဲ့ပါမူ၊ ဤနေရာ၌ ကျွန်ုပ်တို့ ကျဆုံးရမည် မဟုတ်၊”ဟု ဆိုကြ၏၊ ဟော လော့ “အကယ်၍ သင်တို့သည် အိမ်တွင်း၌ ရှိနေငြားလည်း၊ ကျဆုံးရရန် ပြဌာန်း ပြီးသော သူများသည်ကား ကျောချရမည့်နေရာသို့ ထွက်လာရလတ္တံ့၊ ပရမတ် ဘုရားရှင်သည် သင်တို့၏ ရင်တွင်းမှ အရာများကို စုံစမ်းတော်မူ၏၊ သင်တို့၏ စိတ်နှလုံးအတွင်းကို စင်ကြယ်စေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ်ခံစားချက်များ အားဖြင့် သိနေတော်မူသော အရှင် ဖြစ်၏။ ၁၅၅။ တပ်စု နှစ်ခု ရင်ဆိုင်တွေ့သောနေ့၌ သင်တို့အနက် လှည့်ပြေးသော သူတို့၏ ကျင့်ဆောင်မှု အချို့ကြောင့် မကောင်းဆိုးဝါးက သူတို့အား ချော်ထွက်စေခဲ့၏၊ သို့သော် ပရမတ် ဘုရားရှင်သည် သူတို့အား မုချ ကျေအေးပေးခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင် ညှာတာသော အရှင် ဖြစ်၏။ |
၁၅၆။ အို- ယုံကြည်သောသူတို့၊ သားချင်းများနှင့် ပတ်သက်၍ မြေကမ္ဘာ ၌ ခရီးထွက်နေစဉ်- သို့မဟုတ် စစ်ထွက်နေစဉ် “အကယ်၍သာ ကျွန်ုပ်တို့နှင့် အတူ ရှိနေခဲ့မူ၊ ဤသို့ သေရမည် မဟုတ်၊ ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုကြသည့် ဖုံးကွယ်သော သူများကဲ့သို့ သင်တို့ မဖြစ်ကြနှင့်၊ ပရမတ် ဘုရားရှင်သည် သူတို့၏ စိတ်နှလုံး၌ ကြေကွဲစရာ စီစဉ်ရာ၏၊ ပရမတ်ဘုရားရှင် သည် ရှင်သန်စေ၏၊ သေဆုံးစေ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။ ၁၅၇။ အကယ်၍ ပရမတ်ဘုရားရှင်၏ လမ်းတော်၌ ကျဆုံးရသည် ဖြစ်စေ၊ အနိစ္စရောက်ရသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ ထံမှ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတော်သည် သူတို့ စုဆောင်းထားသည်ထက် ပို၍ကောင်းပေ၏။ ၁၅၈။ သင်တို့ အနိစ္စ ရောက်သည် ဖြစ်စေ၊ ကျဆုံးရသည်ဖြစ်စေ ပရမတ်ဘုရားရှင် ထံသို့ သာ စုစည်းခံရစေမည်။ |
၁၅၉။ ပရမတ်ဘုရားရှင်၏ ကရုဏာတော်ကြောင့် သင်သည် သူတို့နှင့် ပျော့ပြောင်းစွာ ဆက်ဆံခဲ့ပြီ၊ အကယ်၍ သင်သည် နှလုံးသား အရိုင်းစိတ်ဖြင့် တိကျပြတ်သားလေ့ ရှိခဲ့လျှင် သူတို့သည် သင့်အား ဝန်းရံနေခြင်းမှ ငွေရှာရန် သွားကြလေလတ္တံ့ သို့ဖြစ်၍ သူတို့အား ကျေအေး၍ သူတို့အတွက် လွတ်ငြိမ်းဆု ပန်ပေးလော့၊ အရေးအရာများ၌ သူတို့အား တိုင်ပင်ဆွေးနွေးလော့၊ သင် ဆုံးဖြတ် သော အခါ ပရမတ်ဘုရားရှင် အပါ်၌ ကိုးစားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ကိုးစားသူတို့အား နှစ်သက်တော်မူ၏။ ၁၆၀။ ပရမတ်ဘုရားရှင်က သင်တို့အား ကူညီခဲ့သော် သင်တို့အား အနိုင်ရသူ ဟူ၍ မရှိတော့ပြီ၊ အကယ်၍ သင်တို့အား စွန့်ပစ်ထားလျှင် အရှင်၏နောက် သင်တို့အား မည်သူက ကူညီနိုင်အံ့နည်း။ ယုံကြည်သူများ အနေဖြင့် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားထိုက်၏။ |
၁၆၁။ ချုပ်ကိုင်ထားသော သတင်းတော်ဆောင် ဟူ၍ မရှိချေ၊ ချုပ်ကိုင် ထားသူသည် သူ၏ ချုပ်ကိုင်ထားမှုအား ရပ်တည်ရသော နေ့၌ ယူဆောင်ခဲ့ရလတ္တံ့၊ တဖန် ဉာည်စရိုက် ကိုယ်စီ ကျင့်ဆောင်ခဲ့သည့် အတိုင်း ပြီးပြည့်စေလတ္တံ့၊ သူတို့အား မိုက်ကြေးခွဲမည် မဟုတ်ပေ။ ၁၆၂။ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်သူသည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းအား ဆွဲယူသူ ကဲ့သို့ မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူ၏ ခိုလှုံရာမှာ ငရဲဘုံ ဖြစ်၍ အမင်္ဂလာ ခရီးဆုံး ဖြစ်၏။ ၁၆၃။ သူတို့၏ အခွင့်အလမ်းများသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏၊ ပရတ်မတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။ |
၁၆၄။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အား သူတို့၏အထဲ သူတို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင် တစ်ပါးကို ပွင့်ပေါ်စေခြင်းဖြင့် မျက်နှာသာပေးခဲ့ပြီ၊ သူတို့အား အရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏၊ သူတို့အား သန့်ရှင်းဖြူစင် စေ၏၊ သူတို့အား ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ ဧကန်ပင် သူတို့သည် ရှေ့အလျင်က ရှင်းလင်းထင်ရှား သော အပါယ်လမ်း၌ ရှိခဲ့ကြလေ၏။ ၁၆၅။ သင်တို့အား ထိခိုက်မှုတစ်ခု ထိခိုက်စေခဲ့သော်၊ သင်တို့က ထိုထက်နှစ်ဆ ထိခိုက်စေခဲ့လျက် ဤသည် အဘယ်မှနည်းဟု သင်တို့ ပြောလိုကြ၏၊ ဟောလော့ “၎င်းသည် သင်တို့၏ ဉာဉ်စရိုက်များမှ ဖြစ်၏ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။” |
၁၆၆။ တပ်စုနှစ်ခု ရင်ဆိုင်ဆုံတွေ့သောနေ့၌ သင်တို့အား ထိခိုက်စေခြင်း မှာ ယုံကြည်သူတို့အား သိနိုင်ရန် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် အတိုင်း ဖြစ်၏။ ၁၆၇။ သီလကြောင် ဖြစ်သော သူတို့အား သိနိုင်ရန်လည်း ဖြစ်၏၊ သူတို့အား “ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ စစ်တိုက်ကြရန် သို့မဟုတ် ခုခံရန် လာကြ လော့”ဟု ပြောသောအခါ၊ “အကယ်၍ တိုက်ပွဲ ဖြစ်မည်ကို သိခဲ့ရလျှင် သင်တို့၏ နောက်မှ သေချာပေါက် လိုက်ခဲ့မည်၊”ဟု ပြန်ပြောကြ၏၊ ထိုနေ့၌ သူတို့သည် ယုံကြည်ခြင်းထက် ဖုံးကွယ်ခြင်းသို့ ပိုမို နီးကပ်နေ၏။ သူတို့၏ နှလုံးသား၌ မရှိသည်ကို ပါးစပ်များဖြင့် ပြောဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ထိန်ဝှက်မှုကို အသိဆုံး ဖြစ်တော်မူ၏။ |
၁၆၈။ မိမိကိုယ်တိုင် ထိုင်နေပါလျက် ညီအစ်ကိုများနှင့် ပတ်သက်၍ “ကျွန်ုပ်တို့အား နာခံခဲ့လျှင် ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုသော သူတို့အား- သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သင်တို့၏ ဉာဉ်များမှ သေခြင်း တရားကို ဖယ်ရှားပစ်ကြလော့၊”ဟု ဟောပြောလော့။ ၁၆၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ကျဆုံးရသောသူတို့အား သေကြကုန်ပြီဟု မစဉ်းစားနှင့်၊ အမှန်မှာ သူတို့ ကံကြမ္မာရှင်၏ ထံ၌ ရှင်သန် ရိက္ခာရလျက် ရှိကြ၏။ ၁၇၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာတော် ချီးမြှင့်ခြင်းဖြင့် သူတို့ ဝမ်းမြောက်ကြကုန်၏၊ သူတို့၏ နောက်မှ သူတို့ထံ ပူးပေါင်းခြင်း မရှိသေးသော သူများ အတွက်လည်း ထိုသူတို့ အား ကြောက်ရွံရစေမည် မဟုတ်၊ သောကရောက်ရစေမည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။ |
၁၇၁။ ပရမတ်ဘုရားရှင်၏ထံမှ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုကြောင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့၏ ဆုလဒ်အား အလဟသ ဖြစ်စေ မည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။ ၁၇၂။ သူတို့အနက် ဒဏ်ရာဒဏ်ချက် ထိသက်ပြီးနောက်၊ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ထံမှ အဖြေကိုခံယူသော သူ သုမင်္ဂလာပြု စည်းစောင့်သော သူတို့ အတွက် မဟာ ဆုလဒ်ကြီး ရှိ၏။ |
၁၇၃။ လူအများ ပြောသော “သင်တို့ကို ဆန့်ကျင်ရန် လူများ စုနေကြပြီ၊ ၎င်းတို့ကို ကြောက်ရွံ့ကြလော့၊”ဟု ပြောဆိုမှုက သူတို့၏ ယုံကြည်မှုကို တိုးပွား စေလျက် “ကျွန်ုပ်တို့ အတွက် ပရမတ်ဘုရားရှင်သည် စရင်းချုပ် ဖြစ်၏၊ အရှင်သည် ဂုဏ်ရှိသော ကိုးစားထိုက်သည့် အရှင် ဖြစ်၏၊”ဟု ကြွေးကြော်ကြ၏။ ၁၇၄။ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုသို့ ဦးလှည့်ခဲ့၏၊ အကုသိုလ် ထိသက်မှု မရှိချေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။ |
၁၇၅။ သင်တို့ ကြောက်ရွံ့စေရန် မကောင်းဆိုးဝါးက သူ၏ မဟာမိတ်များ ကို လှုံ့ဆော်ခိုင်း၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သူတို့အား မကြောက်ရွံ့နှင့်၊ ငါအရှင်ကိုသာ ကြောက်ရွံ့ကြလော့။ ၁၇၆။ ဖုံးကွယ်မှု၌ အလျင်လို နေသော သူတို့ကြောင့် သင့်အား စိတ်သောက မရောက်စေရ၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ်ဘုရားရှင်သည် သူတို့အတွက် နောင်ဘ၀၌ ကံကောင်းခြင်းကို စီစဉ်လိုသည် မရှိပေ၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေပြီ။ ၁၇၇။ ယုံကြည်မှုကို ဖုံးကွယ်ခြင်းဖြင့် ရောင်းစားသော သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာ မနစ်နာစေနိုင် သူတို့ အတွက် စူးနစ်သော ဝဋ်ကြွေး သည် ရှိနေပြီ။ |
၁၇၉။ အချိန်ပေးထားခြင်းကို သူတို့၏ ဉာည်စရိုက်အတွက် ကောင်းသည် ဟု ဖုံးကွယ်သောသူတို့အား မစဉ်းစားစေနှင့်၊ သူတို့အား အချိန် ပေးထားခြင်းမှာ ပြစ်မှုများ တိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေပြီ။ ၁၈၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာ ချီးမြှင့်ခြင်းကို ကပ်စီးနဲသော သူတို့အား ၎င်းသည် သူတို့အတွက် အကောင်း ဟု မစဉ်းစားစေနှင့်၊ အမှန်မှာ ၎င်းသည် အဆိုးသက်သက် ဖြစ်၏၊ ရပ်တည်ရမည့် နေ့၌ သူတို့၏ ကပ်စီးနဲမှုသည် လည်ပင်းကို အားဖြင့်ညှစ်ခံရစေလတ္တံ့၊ မိုးမြေအပေါင်း၏ အမွေများသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သတင်းရနေတော်မူ၏။ ၁၈၁။ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆင်းရဲ၏ ကျွန်ုပ်တို့သာ ပြည့်စုံကြွယ်၀ပေ၏၊”ဟု ဆိုသောသူတို့က ဆိုကြသည်ကို ပရမတ် ဘုရားရှင်သည် ကြားနေတော်မူ၏၊ ငါအရှင်သည် သူတို့၏ ပြောဆိုမှုများ၊ သတင်းတော်ဆောင်များ အား သစ္စာမဲ့စွာ သတ်ဖြတ်မှုများကို မှတ်တမ်းတင်လျက် “လောင်ကျွမ်းရ ခြင်း ဝဋ်ကြွေးကို မြည်းစမ်းကြလော့၊”ဟု မိန့်တော်မူမည်ပင်။ ၁၈၂။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက်များ ဖြစ်၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာသင့်စေခြင်း မရှိပေ။ |
၁၈၃။ “မီးပူဇော် ချည်းကပ်မှုကို ကျွန်ုပ်တို့ အတွက် မပေးဆောင်သော မည်သည့် ဉာဏ်စဉ်ဆောင်ကိုမျှ မယုံကြည်ရ ဟု ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့ အပေါ် ပဋိညာဉ်ရှိပြီ၊”ဟု ဆိုသော သူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ် ကြလျှင် ကျွန်ုပ်မတိုင်မှီ သင်တို့ တောင်းဆိုခဲ့ရာ- ရှင်းလင်းချက်များ ရောက်လာစေ သည့် ဉာဏ်စဉ်ဆောင်များအား အဘယ်ကြောင့် သတ်ခဲ့ကြသနည်း၊”ဟု မေးမြန်း လော့။ ၁၈၄။ သင့်အား ငြင်းဆန်ကြလျှင်- သင့် ရှေ့အလျင်က ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါ ရှိသော ကျမ်းတော်ဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များသည်လည်း ငြင်းဆန်ခံခဲ့ရပြီ။ |
၁၈၅။ ဉာဉ်စရိုက်တိုင်း နိဌိတံခြင်းကို မြည်းစမ်းရမည်ပင်၊ ရပ်တည်ရ သောနေ့၌ သင်တို့၏ ဆုလဒ်များကို ဖြည့်ဆည်း ခံရပေမည်၊ အပူမီးမှ ဖယ်ရှားခံ ရ၍ သုခဘုံသို့ ဝင်ရောက်ရသူသည် မုချ အောင်ပွဲခံလေပြီ၊ ဤလောကီဘ၀သည် သာယာသည်ဟု မြှူဆွယ်မှုမျှသာ ဖြစ်၏။ ၁၈၆။ သင်တို့၏ ဥစ္စာပစ္စည်းများ ဉာဉ်စရိုက်များ၌ စုံးစမ်းခြင်းကို ခံရပေမည်၊ သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရ သော သူများနှင့် ရောပြွန်းကိုးကွယ်သော သူများ၏ ထံမှ စိတ်ဒဏ်ရာဖြစ်စရာ များစွာကို ကြားရပေမည်၊ သည်းခံကြလျှင်၊ စည်းစောင့်ကြလျှင် ၎င်းသည်ပင် ညွှန်ကြားချက်များအား ဆုံးဖြတ် နည်း ဖြစ်၏။ |
၁၈၇။ ပရမတ်ဘုရားရှင်သည် ကျမ်းပေးခံရသော သူများ ထံမှ “သင်တို့ သည် ၎င်းကို လူသားတို့ အတွက် ရှင်းလင်းတင်ပြရမည်၊ ၎င်းကို ထိန်ဝှက် မထားရ၊”ဟု ပဋိညာဉ်ကို ယူခဲ့၏၊ သို့သော် သူတို့သည် ကျောခိုင်း ကွယ်ကာ စွန့်ပစ်ကြ၏၊ မင်္ဂလာ မရှိဆုံး ရောင်းစားမှု ဖြစ်သည့် တန်ဘိုးချ ရောင်းစားကြ၏။ ၁၈၈။ မစဉ်းစားနှင့်၊ ဝမ်းမြောက်ဝမ်းသာ အသားယူတတ်သော၊ မပြုလုပ်သည်ကို ချီးကျူးခံရန် နှစ်သက်သော ထိုသူတို့သည် ဝဋ်ကြွေးမှ အောင်ပွဲခံနေပြီဟု အလျဉ်း စိတ်ကူးမယဉ်စေနှင့်၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေး ရှိနေ၏။ |
၁၈၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အချုပ်အခြာ အရှင်သခင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော် မူ၏။ ၁၉၀။ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်း၊ နေ့နှင့်ည ကို အလှည့်ကျ ဖြစ်စေခြင်း၌ သဘောပေါက်နိုင်စွမ်း ရှိသူတို့ အဘို့ သုတ်ဒေသနာများ ရှိနေ၏။ ၁၉၁။ သူတို့သည် ပရမတ်ဘုရားရှင်အား ရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ်လှဲလျက် သတိရရှုမှတ်ကြ၏၊ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်း၌ သုံးသပ်ကြ လျက်- |
“အို- ကံကြမ္မာရှင် အရှင်သည် ဤအရာအား မှားယွင်းစွာ ဖြစ်တည် စေသည် မဟုတ်ပေ၊ အရှင့်အား ဦးထိပ်ထားပါ၏၊ တပည့်တော်တို့အား အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ။ ၁၉၂။ အို- ကံကြမ္မာရှင် အရှင်က အပူမီးထဲသို့ ဝင်စေသောသူသည် အရှက်ကွဲရသူ ဖြစ်၏၊ အမိုက်ကောင်များ အတွက် ကူညီ မည့်သူ မရှိချေ။- ၁၉၃။ အို- ကံကြမ္မာရှင် တပည့်တော်တို့သည် “သင်တို့၏ ကံကြမ္မာရှင်အား ယုံကြည်ကြလော့၊”ဟု ယုံကြည်မှု ဆီသို့ ဖိတ်ခေါ်သော ဖိတ်ခေါ် သူအား ကြားနာလျက်၊ ယုံကြည်ခဲ့ပါပြီ၊ “အို- ကံကြမ္မာရှင် တပည့်တော်တို့၏ အပြစ်များကို လွတ်ငြိမ်းစေတော်မူပါ၊ အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူပါ၊ ကောင်းမှုပြုသူများ နှင့်အတူ သက်တမ်းကုန်စေတော်မူပါ၊ ၁၉၄။ အို- ကံကြမ္မာရှင်-အရှင်၏ ဉာဏ်စဉ်ဆောင်များမှ တဆင့် ကတိတော်ထားသည်ကို တပည့်တော်တို့ အား ပေးတော်မူပါ၊ ရပ်တည်ရသော နေ့၌ တပည့်တော်တို့အား အရှက် မကွဲစေပါ နှင့်၊ ဧကန်ပင် အရှင်သည် ကတိတော်အား ပေါ့ပျက်စေခြင်း မရှိပါ၊”ဟူသော- |
၁၉၅။ သူတို့၏ ရင့်ကျူးမှုအား ကံကြမ္မာရှင်က တုန့်ပြန်တော်မူ၏၊ ငါအရှင်သည် သင်တို့အနက် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို အလဟသ မဖြစ်စေပေ၊ ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့မှ အချို့သည် အချို့ကို မှီတည်နေ၏၊ သူတို့သည် ပြောင်းရွှေ့ခဲ့ရ၏၊ အိမ်များမှ နှင်ထုတ်ခံရ၏၊ ငါ၏ လမ်းစဉ်တော်၌ ထိခိုက်ခဲ့ရ၏၊ ခုခံတိုက်ခဲ့ရ၏ ကျဆုံးခဲ့ရ၏၊ သူတို့၏ အကုသိုလ်မှုများကို ဖုံးကွယ်ပစ်တော်မူ လတ္တံ့၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင် ရောက် စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်၏ ထံမှ အကျိုးထူးပင် ဖြစ်၏၊ ပရမတ် ဘုရားရှင် အရှင်၏ ထံတော်၌ အတင့်တယ် ဆုံးသော အကျိုးထူးသည် ရှိနေ၏။ |
၁၉၆။ မြို့ပြများ၌ ဖုံးကွယ်သောသူတို့၏ ဦးတည်လှုပ်ရှားမှုက သင့်အား မမြှူဆွယ်စေနှင့်၊ ၁၉၇။ ၎င်းမှာ အနည်းငယ်မျှ သာယာစေခြင်းပင်၊ ထို့နောက် သူတို့၏ ခိုလှုံရာမှာ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲပြည်ပင် ဖြစ်၏၊ ၁၉၈။ သို့ရာတွင် ကံကြမ္မာရှင်၌ စည်းစောင့်သောသူ၊ ထိုသူတို့ အတွက် အောက်ခင်း၌ စမ်းချောင်း ရေသွင် စီးဆင်းနေသော သုခဘုံများ ရှိ၏၊ ထို၌ ကာလမဲ့စံစားစေခြင်း အဆင့်ဆင့် မှာ ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၍၊ ကောင်းမှုပြုသူများ အဘို့ အကောင်းဆုံးသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏။ |
၁၉၉။ ဧကန်ပင် ကျမ်းစာဝိုင်းသားများ၌ ပရမတ်ဘုရားရှင်အား လည်း ကောင်း၊ သင်တို့ထံ၌ ချမှတ်ပေးရာ၊ သူတို့ထံ၌ ချမှတ်ပေးရာများကို ယုံကြည်ကြ လျက် ပရမတ်ဘုရားရှင်အား ကျို့ငဲ့ကြ၍၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ အား တန်ဘိုးချ ရောင်းချခြင်းလည်း မရှိ- သူတို့အတွက် ဆုလဒ်မှာ သူတို့၏ ကံကြမ္မာရှင် ထံ၌ ရှိ၍၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။ ၂၀၀။ အို- ယုံကြည်သောသူတို့ သည်းခံကြလော့၊ ခံနိုင်ရည် ရှိကြလော့၊ တက်တက်ကြွကြွ ရှိကြလော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့။ |
ဓမ္မခန္ဓာ (၃) ဤတွင် ပြီး၏။ |
Add a Comment