ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၁)
ရုပ်ပွားဆင်းတု
သမိုင်းတွင် ကျွန်ုပ်တို့၏ ကိုယ်တော် ကိုယ်တော်မုဟမ္မဒ်ကြီးနှင့် နောက်လိုက် သံဃာအပေါင်းအား အာရဗ် ရုပ်ပွားဆင်းတု ဝါဒီများ၏ တိုက်ခိုက်ထိုးနှက်မှုအား အကြောင်းပြုလျှက်၎င်း၊ ကျွန်ုပ်တို့၏ ကျမ်းတော်မြတ် ကုရ်အံ၌ ရုပ်ပွားဆင်းတုကိုးကွယ်ခြင်း မပြုရဟု သွန်သင်ထားခြင်းကြောင့်၎င်း ကျွန်ုပ်တို့ အစ္စလာမ်သာသနာ၀င်များ အနေဖြင့် ညီနောင် ဗုဒ္ဓသာသနာ၀င် (အများစု) ၏ ရုပ်ပွား ဆင်းတု ကိုးကွယ် ဆည်းကပ်သည့် ဓလေ့အား မနှစ်မြို့ စိတ်မချမ်းသာ ဖြစ်လျှက်ရှိသည်။ တနည်း အားဖြင့် မြန်မာမူဆလင်နှင့် မြန်မာဗုဒ္ဓဘာသာများကြားတွင် ထိုအချက်သည် ယုံကြည်ကျင့်ကြံမှ ပိုင်း ဆိုင်ရာ အက်ကွဲရသည့် အခြေခံ အကြောင်းချက်များအနက် တစ်ခု ဖြစ်နေပေသည်။
ထိုအချက်အား ဖြေရှင်းရန် (၁) ကျွန်ုပ်တို့ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အံနှင့်- အစ္စလာမ့်သမိုင်း အား အတတ်နိုင်ဆုံး နှံ့စပ်ရန် လေ့လာသင့်သည်။ (၂) ညီနောင် မြန်မာဗုဒ္ဓသာသနာ၀င်များ၏ သာ သနာ့သမိုင်းနှင့် ပိဋကတ်ကျမ်းတော်အား အတတ်နိုင်ဆုံး နှံ့စပ်ရန် လေ့လာသင့်ပေသည်။ သို့မှ
အက်ကွဲမှုအား စနစ်တကျ စေ့စပ် ဖာထေးပေးနိုင်မည် ဖြစ်သည်။ ထို့အတွက် ဤ ဆောင်းပါး တို၌ အနည်းငယ်မျှ အကျဉ်းချုပ် တင်ပြပေးလိုပါသည်။
(က) ကျမ်းတော်မြတ်ကုရ်အံ၌ ရုပ်ပွား ဆင်းတုများအား မကိုးကွယ် မဆည်းကပ်ရဟုသာ သွန် သင်၍ ရုပ်ပွားဆင်းတု ကိုးကွယ်ဆည်းကပ်နေသူများ မုန်းတီးရမည်- ရန်ပြုရမည်ဟု သွန်သင်ထား ခြင်း လုံး၀မရှိပေ။ ကိုယ်တော်မုဟမ္မဒ်ကြီးသည်လည်း ရုပ်ပွားဆင်းတု၀ါဒီများအား တိုက်ခိုက်နေ ခြင်း မုန်းတီးနေခြင်း မရှိခဲ့ချေ။ ကိုယ်တော်နှင့် နောက်လိုက် သံဃာတို့အား တိုင်းပြည်မှ မောင်း ထုတ်ယုံမျှမက ရှောင်တိမ်းခို လှုံရာ ဒေသထိ လိုက်လျှက် မျိုးပြုတ်သင်သော ရန်လိုသူများကိုသာ ငြိမ်းချမ်းရေးအတွက် တော်လှန်ခဲ့ခြင်း ဖြစ်ပေသည်။
ကိုယ်တော်နှင့် နောက်လိုက် သံဃာအပေါင်းသည် ကိုးကွယ်သော အပြုအမူ လွဲချော်နေသည့် သူတို့အား ငြိမ်းချမ်းစွာ အတူစုစည်းနေထိုင်နိုင်ရန် မေတ္တာကြီးစွာ ထားလျှက် အတတ်နိုင်ဆုံး အပြေလည်ဆုံး ကျိုးကြောင်း ဆီလျှော်စွာ ထားလျှက် ပြောဆို ရှင်းပြခဲ့သည်သာ ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အံ၏ မြောက်များစွာသော နေရာများတွင် ဖေါ်ပြထားပေသည်။
မေတ္တာတော်ရှင် ကိုယ်တော်မုဟမ္မဒ်ကြီး၏ သစ္စာခံနောက်လိုက်များ ဖြစ်သော ကျွန်ုပ်တို့ အစ္စလာမ် သာသနာ၀င်များသည်လည်း ကိုယ်တော်၏ လမ်းစဉ်ကိုသာ နမူနာယူလျှက် ပြုမူဆောင်ရွက် မေတ္တာထားရမည် ဖြစ်သည်။
ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓဘာသာများ ဘက်မှ ကြည့်လျှင်– သူတို့၏ ရုပ်ပွားဆင်းတု တည်ထား ဆည်းကပ်နေခြင်းမှာ ကိုးကွယ်မှား မဟုတ်ချေ။ ကိုးကွယ်မှား ဆိုသည်မှာ ထိုအရာအား ကိုးကွယ် ရမည်၊ ကိုးကွယ်သင့်သည်၊ ကိုးကွယ်ခြင်းဖြင့် မည်သည့် အကျိုးများ ရနိုင်သည်ဟု သွန်သင်ခဲ့၍ နောက်လိုက်ဒကာများက လိုက်နာဆောင်ရွက်မှ သာလျှင် ထိုသို့သော ကိုးကွယ်မှ အယူကြီးအား ကိုးကွယ်မှားဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ယခုမူ- ကိုယ်တော်ဂေါတမကိုယ်တိုင်က ရုပ်ပွား ဆင်းတု တည်ထားကိုးကွယ်ခြင်းများ၊ ရုပ် ခန္ဓာအား သဒ္ဓါလွန် ဆည်းကပ်ပူဇော်မှုများအား- တိုက် ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း သွန်သင်ခဲ့ခြင်း မရှိသလို- ထို အရာ များအား ကိုးကွယ်ဆည်းကပ်ခြင်းမှ ကိုးကွယ်မှား ဖြစ်သည်ဟု ဆုံးမခဲ့ပြီး ဖြစ်တော့သည်။ ၎င်းကို ပိဋကတ်တော်၌–
ဗဟုံ မေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။ နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံ သစ်ပင် စေတီပုတိုးတို့ကို၎င်း တည်ထားကိုးကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒကပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊၁၈၉)
အထက်ပါ ပါဠိတော်မှာ အနည်းငယ် ရှင်းစရာ ဖြစ်သော စကားလုံးမှာ စေတျာနိ ခေါ် စေတီ ဟူ သည့် စကားလုံးပင် ဖြစ်သည်။ ထိုစကားလုံးသည် တည်ထားကိုးကွယ်ခြင်း ဟု အနက်ကိုပေး သည့် စေတိယျ ဟု ဆင့်ပွားခြင်း ဖြစ်၍- ရုပ်၀တ္ထု၊ စိတ်ကူးပုံဖွဲ့ အာရုံတည်၀တ္ထု မှန်သမျှ အကြုံး၀င် ပေသည်။ ထိုသို့- တည်ထားကိုးကွယ်မှု မှန်သမျှအား ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးကင်း သော ကိုးကွယ်ခြင်း မဟုတ်- ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်ကြောင်း ကိုယ်တော်ဂေါတမက ပြောပြသွန်သင်ပြီး ဖြစ်သည်။
ထိုမျှမက- ကိုယ်တော်သည် သူသက်ရှိထင်ရှား ရှိစဉ်ကပင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကြည်ညို သဒ္ဓါ လွန်မှုအား တားမြစ်ခဲ့ကြောင်း– ကိုယ်တော့အား ဆည်းကပ်ဖူးမျှော်သော ရှင်ပဏ္ဍိလိအား ဆိုဆုံးမ ခြင်းဖြင့် ဖေါ်ပြခဲ့လေသည်။
အလံ ၀က္ကလိ ကိ ရူပေ၊ ရမသေ ဗလနန္ဒိတေ။ ယော ဟိပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။ အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။
၀က္ကလိ မသင့်တော်- လူမိုက်တို့သာ နှစ်သက်အပ်သော ရုပ်အဆင်း၌ သင်သည် အဘယ့်ကြောင့် မွေ့လျှော်နေဘိသနည်း။ ပညာရှိသော အကြင်သူသည် သူတော်ကောင်းတရားကို မြင်၏၊ ထိုသူ သည်ငါ့ကို မြင်သည်သာတည်း။ သူတော်ကောင်းတရားကို မမြင်သောသူသည် ငါ့ကို မြင်သော် လည်း မမြင်သည် မည်၏။ (အပဒါန ပါဠိတော်- ၀က္ကလိတ္ထေရအပဒါန- ၅၃။ ၅၄)
ဤမှ– တရားကို မမြင်သော သူသည် ငါ့ကို မြင်သော်လည်း မမြင်သည် မည်၏ ဆိုသော ဆုံးမ စကားမှာ အလွန်ပြောင်မြောက်၍ တရားသဘောအားဖြင့် လေးစား တန်ဘိုး ထားထိုက်သော တ ရားပင် ဖြစ်တော့သည်။ သို့ဖြစ်၍ ထိုမျှ တန်ဘိုး ရှိသော တရားစကားများအား ကျွန်ုပ်တို့ အနေဖြင့် ညီနောင်ဗုဒ္ဓသာသနာ၀င်တို့အား ပြန်လည် ဖေါ်ထုတ်ဆွေးနွေးပေးရမည်သာ ဖြစ်သည်။ ထိုသို့ ဆွေးနွေးခြင်းဖြင့် ခံစားမှု မတူညီသော ညီနောင်များအကြား- ခံစားယုံကြည်မှု နီးစပ်နားလည်လာ နိုင်ဘွယ် အကြောင်းရှိ၍- မစူးမစမ်းဘဲ အချင်းချင်း ပုတ်ခတ်နေခြင်းသည် အမုန်းတရားကိုသာ ပွားများလာမည် ဖြစ်တော့သည်။
(ရုပ်ပွားများ ဖြစ်တည်လာသည့် သမိုင်းနှင့် ရုပ်ပွားဆင်းတု မကိုးကွယ် မဆည်းကပ်သော ဗုဒ္ဓ ဘာသာ ဂိုဏ်းများအား ဆက်လက်ဖေါ်ပြပေးပါမည်။)
မေတ္တာရပ်ခံချက်— ဤဆောင်ပါးတွင် ဆွာဟာဗာကြီးများအား သံဃာတော်များဟု ဘာသာပြန်ခဲ့ ခြင်းမှာ– ဆွာဟာဗီကြီးများသည် လောကဒွန်ယာ သံသရာအား ပါယ်သတ်ထားသူများ ဖြစ်လျှက် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်နေသူများကြောင့် ဖြစ်ပေသည်။ သံဃာ ဟူသည် သံ-ဟနီတီတိ သံယော- သံသရာအား ပါယ်သတ်နိုင်သူအား သံဃာဟု ခေါ်သည်ဟု အထကထာများ၌ ဖွင့်ဆို ထားပေသည်။
ဌေးလွင်ဦး islammyanmar.com
Add a Comment